Monday, November 14, 2016

စမ်းချောင်းမြို့နယ်တွင် လမ်းပိတ်သည့်ကိစ္စ စကားများရာမှ ဆိုက္ကားသမားများအား သေနတ်ပြ ခြိမ်

စမ်းချောင်းမြို့နယ်တွင် လမ်းပိတ်သည့် ကိစ္စဖြင့် စကားများရာမှ ဆိုက်ကားသမားအား တပ်ကဟု ဆိုသူ တစ်ဦးက သေနတ်ပြကာ ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်း/မြောက်ရပ်ကွက်၊ ကျွန်းတောလမ်းနှင့် မကြီးကြီးလမ်းထောင့်တွင် ရှိသည့် ဆိုက္ကားဂိတ် အရှေ့၌ Hilux Vigo အမျိုးအစား အနက်ရောင် ယာဥ်တစ်စီးမှာ ပိတ်ရပ်နေသဖြင့် ဆိုက္ကားဂိတ်ရှိ ဂိတ်မှူးမှ ယာဥ်ပိုင်ရှင်အား ဖယ်ပေးရန် သွားရောက် ပြောဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်ပြောဆိုသည့် ဂိတ်မှူးနှင့် ယာဥ်ပိုင်ရှင်တို့မှာ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများ ရန်ဖြစ်စဥ် ယာဥ်ပိုင်ရှင်က သေနတ်ထုတ်ပြကာ “မင်းတို့ ငါ့ကို ဘာထင်နေလဲ။ ငါတပ်ကကွ” ဟု ပြောဆိုပြီး ယာဥ်အား ကျွန်းတောလမ်းအတိုင်း ဟံသာဝတီဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ မောင်းနှင်သွားခဲ့သည့် ယာဥ်ပိုင်ရှင်အား ယင်းနေ့ ညနေ ၄ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်ဆေးရာ ယာဥ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် SMITH & WESSON အမျိုးအစား ၉ မမ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ခုနစ်တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။ ယာဥ်ပိုင်ရှင်အား ဆက်လက်စစ်ဆေးရာ ၎င်းမှာ ဖာပွန်မြို့၊ ကရင်ပြည်နယ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးဖြစ်ပြီး ၎င်းမှာ ၂ဝ၁၆ ခုနှစ်အတွင်းက ဆေးပင်စင်ယူခဲ့သူဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်အား စမ်းချောင်းမြို့မ ရဲစခန်းမှ ယာဥ်ပိုင်ရှင်အား (ပ) ၃၉၃/၂ဝ၁၆၊ လက်နက်ဥပဒေ ပုဒ်မ-၁၉ (စ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သီဟအောင်
Source : http://ift.tt/2eRtCes
via IFTTT

No comments:

Post a Comment