ကိုဖီအာနန်ကော်မရှင်ကို ရခိုင် အရပ်ဘက်အဖွဲ့များ မတွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာ ၃၀ ကိုဖီအာနန်ဦးဆောင်သော ရခိုင် ပြည်နယ် အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်အရပ်ဘက်အဖွဲ့များက ယင်းကော်မရှင်နှင့် တွေ့ဆုံရန် မရှိကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားပြု ကော်မတီများထံမှ သိရသည်။ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့ ဘူးသီးတောင်နှင့် မောင်တောဒေသများကို လာရောက်မည်ဖြစ်ရာ ရခိုင်ပြည်နယ် ကိုယ်စားပြု အရပ်ဘက်အဖွဲ့အစည်း ၇၄ ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်လူမှုအဖွဲ့အစည်းများ၏ ဦးဆောင်ကော်မတီက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ "ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ ရခိုင်အရပ်ဘက်အဖွဲ့တွေက တွေ့ဆုံခြင်း မပြုဖို့ အားလုံးက သဘောတူထားကြပါတယ်။ ယခု ကိုဖီအာနန်ရဲ့ ခရီးစဉ်မှာ လုံးဝတွေ့ဆုံဖို့ မရှိပါဘူး။ ကိုဖီအာနန်ကော်မရှင်က ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးစွဲနေဆဲဖြစ်လို့ ရခိုင်ကိုယ်စားပြုအားလုံးရဲ့ သဘောထားနဲ့ တွေ့ဆုံခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်" ဟု ရခိုင် လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားပြုကော်မတီ နာယက ဦးသန်းထွန်းက ပြောသည်။ အဆိုပါကော်မရှင်သည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် ရခိုင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန်မရှိကြောင်း၊ ဖိတ်ကြားထားခြင်း မရှိကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။ "ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်နဲ့ ကျွန်တော်တို့ပါတီနဲ့ တွေ့ဖို့တော့ ယခုအချိန်ထိ ဖိတ်ကြားထားခြင်းမရှိဘူး" ဟု ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။ ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း၌ နိုဝင်ဘာလအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော မောင်တောဒေသများသို့ လုံခြုံရေး လုံလောက်စွာဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။ "ယနေ့ထိ ဘူးသီးတောင် မောင်တောဒေသ အပါအဝင် ယခင်က ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေကိုလည်း သွားရောက်ဖို့ ခွင့်ပြုပေးထားပါတယ်။ စီစဉ်ထားပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် ရခိုင်အရပ်ဘက်အဖွဲ့များနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားပြီး နှစ်ဖက်လူမှု အသိုင်းအဝိုင်း၏ ပြောဆိုမှုများကို နားထောင်သွားမည်ဟု ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဆိုသည်။ "နှစ်ဖက်အဖွဲ့တွေအသံကို နားထောင်မှာပါ။ ရခိုင်အရပ်ဘက်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်" ဟု ဦးအေးလွင်က ပြောကြားသည်။ ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်သည် ပထမအကြိမ် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖော်ကန့်ကွက်မှု များပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ ခရီးစဉ်တွင် အလားတူ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်သူများထံမှ သိရသည်။ အလားတူ ကိုဖီအာနန် ပါဝင်ခြင်းမရှိသော ကော်မရှင်အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ရခိုင်နှင့်ဘင်္ဂါလီ နှစ်ဖက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ ရခိုင်အကြံပေးကော်မရှင်ကို နိုင်ငံတကာပုဂ္ဂိုလ်သုံးဦး၊ ပြည်တွင်းပုဂ္ဂိုလ် ခြောက်ဦးတို့ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သြဂုတ်လအတွင်း ဖွဲ့စည်းပေးခဲ့သည်။
Source : https://goo.gl/FTKlRd
via IFTTT
No comments:
Post a Comment