Thursday, December 1, 2016

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းအစိုးရတို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပေ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းအစိုးရတို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲမှုနှင့် ပြင်ဆင်သည့် အချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၃၀ က သဘောထားထုတ်ပြန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေရေးဆွဲမှုနှင့် ပြင်ဆင်သည့် အချက်အလက်များကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က သဘောထား ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့များမှာ ဒါနရှေ့ဆောင်မြန်မာ၊ ပေါင်းကူး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ၊ New Myanmar Foundation ၊ Community Response Group နှင့် Yangon Watch တို့အပါအဝင် စသည့်အဖွဲ့တို့ဖြစ်ပြီး နိုဝင်ဘာ၂၉ ရက် တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကာလာမှုကို တိုင်းတာသည့် စံနှုန်းများထဲတွင် ပြည်သူလူထုကို မည်မျှကိုယ်စားပြုခြင်း ဆိုသည့်အချက်သည် အရေးကြီးသည့် အချက်ဖြစ်ပြီး ထိုမှ ကိုယ်စားပြုခြင်းကို တိုင်းတာရာတွင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို မည်သည့်အတိုင်းအတာအထိ အလေးအနက်ထား နားထောင်၍ အကောင်အထည်ဖော် ဆောင်ရွက်သနည်းဆိုသည့် အချက်ကို အဓိကထား တိုင်းတာလေ့ရှိကြောင်း၊ ပြည်သူ့ကိုယ်စားပြု လွှတ်တော်နှင့် ပြည်သူ့အစိုးရအနေဖြင့် ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းဆိုသည့် လုပ်ငန်းစဉ်များတွင် “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်”ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင်သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင်လည်း အထူးအလေးအနက်ထား ဖော်ဆောင်မှသာလျှင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လွှတ်တော် နှင့်အစိုးရအဖွဲ့ ဖြစ်လာမည်ဟု ဆိုအပ်ကြောင်း သဘောထားကြေညာချက်တွင် ပါရှိသည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ ခုနစ်သန်းကျော် နေထိုင်သည့် ဧရိယာအကျယ် အဝန်း (၁၀၁၇၀) ကီလိုမီတာ အကျယ်အဝန်းရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ပြဧရိယာ ဖြစ်ကြောင်း၊ ပြည်သူအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများကို ရေးဆွဲရာတွင် ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များနှင့် ကိုက်ညီမှုရှိစေရန် လွန်စွာ အရေးကြီးကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူ ခုနစ်သန်းကျော်နှင့် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများကို အများပြည်သူသို့ ကြေညာချပြခြင်းမပြုမီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လုံလုံလောက်လောက် ဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ လျင်မြင်စွာ ဥပဒေအဖြစ်ပြဋ္ဌာန်းပါက ရန်ကုန်မြို့တော်နေ ပြည်သူများအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ တည်ဆဲ စည်ပင်သာယာဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများကြောင့် ဝန်ဆောင်မှုလုပ်ငန်း အသီးသီးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ၊ စနစ်များနှင့် စီမံခန့်ခွဲမှု အရည်အသွေးအပေါ် သက်ရောက်မှုကို အကဲဖြတ် ဆန်းစစ်နိုင်မည့် စစ်တမ်းများကို လွတ်လပ်သော နည်းပညာနှင့် လူမှုအဖွဲ့အစည်းများနှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူအတွက် မွေးဖွားချိန်မှ သေဆုံးချိန်အထိနှင့် နေ့စဉ် လူမှုကိစ္စအဝဝအတွက် အနီးကပ် ဆောင်ရွက်နေရသည့် စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များသည် အထူးပင် အရေးပါရာ ပြည်သူလူထု လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် စည်ပင်သာယာလုပ်ငန်းအစီအစဉ်များ ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန်အတွက် အများပြည်သူနှင့် ကိုက်ညီသည့် စည်ပင်သာယာရေး ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိကြောင်း ဖော်ပြထားသည်။ ဥပဒေနှင့် နည်းဥပဒေများအား ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် အစိုးရအဖွဲ့အနေဖြင့် ဥပဒေပြဋ္ဌာန်းနေမှု၊ ပြင်ဆင်နေမှု၊ ပယ်ဖျက်နေမှုအခြေအနေများနှင့် ဆက်စပ်သော ဖြစ်စဉ်များကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အထူးလိုအပ်ကြောင်း၊ ထို့ပြင် လက်ရှိပြင်ဆင်ရေးဆွဲနေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေတွင် အများပြည်သူတို့အား အပြုသဘောဆောင် ပူးပေါင်း ပါဝင်လာစေရန်၊ ဆန္ဒသဘောထားများနှင့် အတူတကွ အကြံဉာဏ်များကို တောင်းခံခြင်းတို့အား အလေးအနက်ထား လုပ်ဆောင်ပြီး ရရှိလာသည့်အချက်အလက်တို့အား ဥပဒေပြုပြဋ္ဌာန်းခြင်းတွင် ထည့်သွင်း ရေးဆွဲပေးရမည်ဖြစ်ပြီး ထိုသို့ အများပြည်သူ ပူးပေါင်းပါဝင်မှုကို ဖော်ဆောင်နိုင်မှသာလျှင် ပြည်သူကို ကိုယ်စားပြုနိုင်သည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒအား ထပ်တူပါဝင်စေသည့် ဒီမိုကရေစီ စံနှုန်းတို့နှင့်အညီဖြစ်သော စစ်မှန်ကောင်းမွန်သည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုမှ တွေ့ရှိချက်များကို အခြေခံပြီး တည်ဆဲစည်ပင်သာယာရေး ဥပဒေနှင့် နည်းဥပဒေများမှ ပြင်ဆင်သင့်သော အချက်အလက်များကို ပြင်ဆင်ရေးဆွဲရာတွင် ရန်ကုန်တိုင်းအစိုးရနှင့် ဥပဒေပြုအမတ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းရှင်များ၊ လွတ်လပ်သည့် ပညာရှင်များ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သော Multistakeholdee Working Group ဖွဲ့စည်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေအကောင်အထည်ဖော်ရန် အထူးလိုအပ်ကြောင်း သဘောထားကြေညာချက်တွင် အဆိုပြု တိုက်တွန်းထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့ထားပြီး ၂၀၁၃ ခုနှစ်က နောက်ဆုံးပြဋ္ဌာန်းခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပါ အချက်အလက်အချို့ကို ထပ်မံပြင်ဆင်ထားခြင်း ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးမှု မပြုလုပ်ရသေးပေ။
Source : http://ift.tt/2gXIRba
via IFTTT

No comments:

Post a Comment