Patek Philippe လက်ပတ်နာရီတစ်လုံး ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၁၁ သန်းကျော်ဖြင့် လေလံအောင် အလွန်ရှားပါးပြီး တန်ဖိုးရှိသည့် လက်ပတ်နာရီ တစ်လုံးကို ကမာ္ဘ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၁၁ သန်းကျော်ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ Patek Philippeက ထုတ်လုပ်သည့် Reference 1518 နာရီကို ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲ တစ်ခုတွင် ကမာ္ဘ့စံချိန်တင် ဈေးဖြင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် Phillips in Association with Bacs & Russo တန်ဖိုးကြီး နာရီများ လေလံပွဲတွင် လက်ပတ်နာရီ တစ်လုံးအတွက် ကမာ္ဘပေါ်တွင် အမြင့်ဆုံးဈေးအဖြစ် Reference 1518က ဒေါ်လာ ၁၁ သန်းကျော် ရရှိသွားခြင်း ဖြစ်သည်။ “ဒီနာရီကို ဆွစ်ဖရန့်ငွေ ၇ သန်း ရောက်လာတဲ့ထိ လူ ၈ ယောက်က အပြိုင်အဆိုင် လေလံဆွဲကြတယ်။ နောက်ပိုင်းမှာတော့ နှစ်ယောက်တည်း အပြိုင်ကြဲပြီး ဈေးကလည်း ဆွစ်ဖရန့် ၁၁ သန်းကျော်ထိ မြောက်သွားတာပါ” ဟု Phillips လေလံဌာန၏ လက်ပတ်နာရီများဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဆမ်ဟိုင်နက်စ်က ပြောကြားခဲ့သည်။ ဆွစ်ဖရန့်ငွေသည် ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်။ ယခုနာရီ ဈေးကောင်းရခြင်းနှင့် ပတ်သက်၍ “လူတိုင်းမက်မှာပဲ။ ဈေးကွက်ထဲမှာ လုံးဝ အာရုံစိုက်စရာ အသစ်ဖြစ်နေတယ်။ သိထားသမျှ ဒီနာရီမျိုး ကမာ္ဘပေါ်မှာ လေးလုံးပဲ ရှိတယ်။ ပြီးတော့ လက်ရှိ အနေအထားကလည်း အကောင်းဆုံး အဆင့်မှာ ရှိနေတယ်လေ”ဟု ဟိုင်နက်စ်က ရှင်းပြခဲ့သည်။ Patek Philippe Reference 1518 နာရီများကို ၁၉၄၃ ခုနှစ်ဝန်းကျင်က ထုတ်လုပ်ခဲ့ပြီး စဉ်ဆက်မပြတ် လှုပ်ရှား အလုပ်လုပ်နေသည့် ပြက္ဒဒိန်စနစ်ပါ နာရီများအဖြစ် လူသိများခဲ့သည်။ ထို့အပြင် Moonphase Indicator ကဲ့သို့ Feature များ ပါဝင်ခဲ့ရာ ထိုအချိန်က အလွန်ခေတ်မီ ဆန်းပြားသည့် တီထွင်ဖန်တီးမှုများ ဖြစ်ခဲ့သည်။ ယခင်က ကမာ္ဘ့စံချိန်တင် ဈေးအကြီးဆုံး နာရီမှာ သံမဏိဖြင့် တည်ဆောက်ထားသည့် Patek Philippe Reference 5016 အမျိုးအစားဖြစ်ပြီး ဝယ်ယူသူ တစ်ဦးက ဒေါ်လာ ၇.၃ သန်းထိ ဈေးပေး လေလံဆွဲသွားခဲ့သည်။ “တကယ်တော့ Patek Philippe ဟာ တစ်ကမ္ဘာလုံးက နာရီထုတ်လုပ်သူတွေ လေးစားအားကျရတဲ့ အမှတ်တံဆိပ် တစ်ခုပါပဲ။ ၁၈၃၉ ခုနှစ်လောက် ကတည်းက ထုတ်လုပ်မှု စတင်ခဲ့ပြီး အစဉ်အလာနဲ့ အမှတ်တံဆိပ် တန်ဖိုးက မြင့်မားလွန်းတယ်လေ။ ပြောရရင် သူတို့ဟာ နာရီလောကရဲ့ Rolls-Royce ပါပဲ”ဟု ဟိုင်နက်စ်က ညွှန်းဆိုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲတွင် လက်ပတ်နာရီ ၁၇၇ လုံး ရောင်းထွက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၇.၈ သန်းနီးပါး ရရှိခဲ့ကြောင်းလည်း သိရသည်။ Ref: CNN
Source : http://ift.tt/2fWgHfY
via IFTTT
No comments:
Post a Comment