ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရန်ကုန်မြို့လယ် ကျောက်တံတား မြို့နယ် ၃၈ လမ်း အလယ်ဘလောက်ရှိ ဖက်ရှင်ဆိုင်တစ်ခုတွင်ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၃ နာရီက ဆိုင်ဝန်ထမ်း အမျိုးသမီးကို အမည်မသိ အမျိုးသားတစ်ဦးက ချွှန်ထက်သော အရာဖြင့်ထောက်၍ ခြိမ်းခြောက် ရိုက်နှက်ပြီး ရွှေထည်နှင့် ငွေများ လုယက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ အနုကြမ်းစီးခံရသည့် မြေညီထပ်တွင် ဖွင့်လှစ်ထားသော Stylish ဖက်ရှင်ဆိုင်တွင် ယင်းအချိန်က အသက် ၁၇ နှစ်အရွယ် ဆိုင်ဝန်ထမ်း အမျိုးသမီးတည်း ရှိချိန် အမည်မသိ အမျိုးသားက ဝင်ရောက်လာပြီး ချွှန်ထက်သောအရာဖြင့်ထောက်၍ ဆိုင်အနောက်ဖက် ဆွဲခေါ်ကာ ရိုက်နှက်၍ ရေချိုးခန်းထဲ ပိတ်လှောင်ခဲ့ကြောင်း အနုကြမ်းစီးခံရသော အမျိုးသမီးက ပြောသည်။ ဆိုင်ထဲဝင်လာသူကို မသင်္ကာလို့ သတိထားကြည့်နေချိန် သူက ရုတ်တရက် ဓားလိုလိုဟာနဲ့ထောက်ပြီး ဆိုင်အနောက်ဖက်ဆွဲခေါ်သွားတယ်။ ပြီးတော့ ကျမကို ရိုက်ပြီး ဝတ်ထားတဲ့ ရွှေတွေ ချွတ်ယူတယ်။ ရေချိုးခန်းထဲ ဝင်နေခိုင်းပြီး ဆိုင်က ငွေနဲ့ လက်ကိုင်ဖုန်းတွေယူပြီး ပြန်ထွက်သွားတယ် ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အနုကြမ်းစီးခဲ့သူ အမျိုးသား၏ ရုပ်ပုံကို ယင်းလမ်းတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများမှ ရရှိထားပြီး ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ စုံစမ်းနေသည်။ လမ်းထဲမှာ CCTV ကင်မရာ ရှစ်လုံးတပ်ထားတယ်။ ဒီလူဝင်ချိန်နဲ့ ထွက်ချိန် ဓာတ်ပုံတွေ ရထားပြီး ရဲတပ်ဖွဲ့ကို အပ်လိုက်ပြီ။ ဆိုင်ဝန်ထမ်း အမျိုးသမီးက ရုံးလာတိုင်မှ အနုကြမ်း စီးခံရမှန်းသိတာ။ ဒီလိုအဖြစ်မျိုး နောင်မဖြစ်ရအောင် ရပ်ကွက်နေသူတွေ ကို သတိနဲ့နေဖို့ အသိပေးနှိုးဆော်မှုတွေ ဆောင်ရွက်သွားမယ် ဟု ၃၈ လမ်းအလယ်ဘလောက်ရှိ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဥက္ကဌ ဦးကျော်အောင်က ဆိုသည်။ ဒီဇင်ဘာ လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲ က စမ်းချောင်း မြို့နယ် မြေနီကုန်းခုံးကျော်တံတားအနီး ရှမ်းကုန်းလမ်း ရှိ ငွေလဲလှယ် ကောင်တာတွင် မျက်နှာဖုံးစွပ်ထားသူ အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ပြီး ငွေလဲကောင်တာမှ ငွေများ လုယူကာ လိုင်းကားပေါ် တက်ပြေလွတ်မြောက်နိုင်ခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဦးလူနီလမ်းတွငယခုနှစ်ဧပြီလ၂၆ရက်နေ့က နေ့ခင်းကြောင်တောင်အချိန် နေအိမ်ထဲ အမျိုးသား တစ်ဦးက ဝင်ရောက်ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ဓားဖြင့် ထောက် ခေါ်ဆောင်၍ ကျပ်သိန်း ၅ဝ ဖြင့် ပြန်ပေးဆွဲစဥ် ယင်းအနီးတွင် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေသူ များ ရှိခဲ့သော်လည်း ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ ယနေ့ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ပြည်လမ်း တော်ဝင်စင်တာအနီးတွင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းက Farmer Money Changer ဆိုင်သို့ အမည်မသိ အမျိုးသား သုံးဦးက Alphard ယာဥ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်း အမျိုးသား တစ်ဦးကို ရိုက်နှက်၍ ဆာလာအိတ်ဖြင့် ထုတ်ထားသည့် ကျပ်သိန်း ၃ဝဝ ကျော် ငွေထုတ်ကို လုယူထွက်ပြေးခဲ့မှုမှာ ယနေ့ အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/UFb13S
via IFTTT
No comments:
Post a Comment