Wednesday, July 13, 2016

သက်တမ်းရင့်သစ်ပင်ကြီး ၂၁၂ ပင်အတွက် အဆုံးအဖြတ်အချိန်

မုံရွာ - ရွှေဘို ခရိုင်ချင်းဆက် လမ်းမကြီးတစ်လျှောက် နေပြောက်ပင် မထိုးနိုင်အောင် တစ်ပင်နှင့်တစ်ပင် ကူးလူးယှက်သွယ်နေသော၊ ဖြတ်သန်းသွားလာသူများ အညာအပူဒဏ်မခံစားရအောင် အရိပ်မိုးပေးနေသော သစ်ပင်ကြီးများက အညာမြေမုံရွာ၏ အလှအပကို ပို၍ရုပ်လုံးကြွစေရန် ပံ့ပိုးပေးနေသည်။ သို့သော် ထိုအလှအပ အေးမြမှုများမှာ မကြာမီရက်ပိုင်းအတွင်း နိဂုံးချုပ်တော့မည့်အခြေအနေ ကြုံတွေ့နေရသည်။ မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်မှစ၍ အရှေ့မြောက်ထောင့် အရပ်ဆီသို့ ဦးတည်ဖောက်လုပ်ထားသည့် အဆိုပါ ခရိုင်ချင်းဆက်လမ်းမကြီးတစ်လျှောက် နှစ်တစ်ရာကျော်တိုင် ဝေစည်ခဲ့သည့် အညာဒေသ၏ သကင်္ေတဖြစ်သော တမာ၊ ထနောင်းနှင့် ကုက္ကိုပင်တန်းမှာ ဆက်လက်ရှင်သန်နိုင်ရေး ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။ မုံရွာမှ သာစည်၊ နောင်ကြီးအိုင်နှင့် ရွှေဘိုမြို့တို့သို့ သွားရောက်နိုင်သည့် အဆိုပါခရိုင်ချင်း ဆက်လမ်းမကြီး တိုးချဲ့ဖောက်လုပ်တော့မည်ဖြစ်၍ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းဟုဆိုသော သက်တမ်းရင့်သစ်ပင်ကြီး ၂၁၂ ပင်ကို ခုတ်လှဲဖယ်ရှားရန် မုံရွာခရိုင် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနက စီစဥ်နေခြင်းဖြစ်သည်။ အဆိုပါလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၂/ဝ) မုံရွာပညာရေးကောလိပ်မှ မိုင်တိုင်အမှတ်(၆/၁) ကျောက်စစ်ပုံကျေးရွာအထိ လမ်းပိုင်းကို ယခုဘဏ္ဍာနှစ်အတွင်း လက်ရှိလမ်းအကျယ် ၁၂ ပေရှိရာမှ ၁၈ ပေသို့ တိုးချဲ့ဖောက်လုပ်တော့မည်ဖြစ်သည်။ သစ််ပင်များကို ခုတ်လဲှ၍ လမ်းကို မဖြစ်မနေချဲ့ရတော့မည့် အနေအထားနှင့် ကြုံတွေ့နေရကြောင်းနှင့် သစ်ပင်များကို မခုတ်လှဲပါက လမ်းနယ်နှင့်မလွတ်သည့် အိမ်နှင့်မြေများကို သိမ်းရမည့်အရေးနှင့် ကြုံတွေ့နေရကြောင်း ခရိုင်ဆောက်လုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ ‘‘သစ်ပင်မခုတ်ရင်တော့ လမ်းချဲ့ဖို့မလွယ်ဘူး။ ပြည်သူ့ဆန္ဒသဘောထားအတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ခွင့်ပြုချက်ရမှ သစ်ပင်တွေခုတ်ရမှာပါ။ သစ်ပင်တွေ ခုတ်တယ်ဆိုတာကလည်း အကုန်လုံးကို ခုတ်မှာမဟုတ်ပါဘူး။ လမ်းနဲ့မလွတ် တဲ့အပင်တွေပဲ ခုတ်မှာပါ။ တခြားနည်းနဲ့ လမ်းတစ်လမ်းဖောက်မယ်ဆိုပြန်တော့လည်း လမ်းနဲ့မလွတ်တဲ့ အိမ်တွေ၊ မြေတွေသိမ်းရမယ့် အခက်အခဲမျိုးစုံ ရှိနေပါတယ်’’ဟု ဦးကျော်လင်းကဆိုသည်။ သစ်တစ်ပင်ဖြစ်ရန် မလွယ်ကူပါ။ အထူးသဖြင့် မုံရွာကဲ့သို့ ပူပြင်းခြောက်သွေ့သည့် အညာဒေသတွင် သစ်ပင်တစ်ပင်ဖြစ်ရန်မှာ နှစ်ကာလများစွာ အချိန်ယူရသဖြင့် သစ်ပင်ကြီးများ ခုတ်လှဲမည့်အရေးကို ပြန်လည်စဥ်းစားစေလိုကြောင်း မြို့ခံများက ပြောသည်။ ‘‘ဒီသစ်ပင်ကြီးတွေက နှစ်တစ်ရာကျော်ပြီ။ နွေရာသီဆိုရင် သစ်ပင်ကြီးတွေအောက်က လမ်းသွားရတာ အေးနေတာပဲ။ လမ်းကိုတော့ ချဲ့စေချင်ပါတယ်။ ဒါပေမဲ့ သစ်ပင်တွေခုတ်မှာတာ့ နှမြောပါတယ်’’ဟု မုံရွာမြို့ ရွှေပြည်သာရပ်ကွက် ဒေသခံအသက် (၇ဝ) ကျော်အရွယ် ဦးကုလားက ပြောသည်။ ‘‘တမာပင်တွေက ဖြစ်ထွန်းမှု မြန်တယ်။ ပင်စည်လုံးပတ်သုံးပေခန့်ရှိဖို့ ၁ဝ နှစ်လောက် အချိန်ယူရမယ်။ အပင်တစ်ပင် အကျိုးပြုတာက အရိပ်ရတယ်။ မိုးရေတိုက်စားမှု လျော့တဲ့အတွက် မြေဆီလွှာထိန်းတယ်။ မြေပြိုမှုတွေ မဖြစ်ဘူး။ လူနဲ့စက်က ထုတ်လွှင့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူပြီးအပင်တွေက အောက်စီဂျင်ထုတ်ပေးတယ်။ သစ်ရွက်ဆွေးတွေက မြေဆီလွှာဖြစ်စေတယ်။ အပင်တွေရှိတဲ့အတွက် အပူရှိန်လျော့ပြီး ရာသီဥတု မျှတစေပါတယ်’’ဟု မုံရွာမြို့ ဒေသခံသစ်တောဦးစီးဌာန အငြိမ်းစားဝန်ထမ်း ဦးဇော်က ပြောကြားသည်။ ဦးကုလား ငယ်စဥ်ကပင် အဆိုပါ သစ်ပင်များမှာ ကြီးနေပြီ ဖြစ်၍ သစ်ပင်ကြီးများ၏ သက်တမ်း တစ်ရာကျော်ရှိပြီဟု ၎င်းက ခန့်မှန်းသည်။ မုံရွာမြို့ရှိ သက်ကြီး ရွယ်ကြီးများကလည်း သစ်ပင်များ၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီး ဗြိတိသျှကိုလိုနီလက် ထက်ကတည်းကဟု ခန့်မှန်းကြသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကမူ လမ်းနယ်မလွတ်ကင်းသည့် သစ်ပင်များကို မလွှဲသာမရှောင်သာ ခုတ်ရမည်ဖြစ်ပြီး ယခုလမ်းချဲ့မှုကြောင့် လမ်းအနီးတစ်ဝိုက် နေထိုင်သည့် ပြည်သူများ သွားလာ ရေး ပိုမိုအဆင်ပြေမည်ဖြစ်ပြီး လမ်းကောင်းပါက ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။ ‘‘နှစ်ပေါင်းများစွာ သက်တမ်းရင့်အပင်တွေကို ခုတ်ရမှာဖြစ်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ သို့သော် အခုလမ်းချဲ့မယ့်အတွက် လမ်းအနီးတစ်ဝိုက် နေထိုင်သူ ပြည်သူတွေ သွားလာရေး ပိုမိုအဆင်ပြေစေရန်နဲ့ လမ်းကောင်းမှ ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ယခုလို သစ်ပင်ခုတ်ရတာကို ဒေသခံတွေအနေနဲ့ နားလည်ပေးစေလိုပါတယ်’’ဟု ဦးသန်းညွန့်ဝင်းက ပြောကြားသည်။ သို့သော် မုံရွာတွင် ကုန်စည် အဓိကစီးဆင်းသည့် လမ်းကြောင်းမှာ မုံရွာ-အရာတော်- ရွှေဘိုလမ်းသာဖြစ်ပြီး ယခုဖောက်လုပ်မည့်လမ်းမှာ ခရိုင်ချင်းဆက်လမ်းဖြစ်သည်။ ထို့ကြောင့် ယခုလမ်းချဲ့မည့်လမ်းမှာ ခရီးသည်နှင့် ကုန်တင်ယာဥ်အသွားအလာနည်း သေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါခရိုင်ချင်းဆက်လမ်းမကြီးတွင် ယာဥ်သွားလာမှု စီးရေကောက်ယူရာ ၂ဝ၁၅ ဇူလိုင်တွင် ၆၃၇ စီး၊ နိုဝင်ဘာတွင် ၆၅၄ စီး နှင့် ၂ဝ၁၆ ဇန်နဝါရီတွင် ၃၉၅ စီး ဖြတ်သန်းသွားလာခဲ့သည်ဟု ဆိုသည်။ နေ့စဥ် ဖြတ်သန်းနေသော ယာဥ်စီးရေပေါ်မူတည်၍ ယာဥ်အစီး ၅ဝ မှ ၅ဝဝ အထိ ဖြတ်သန်းသွားလာပါက အဆိုပါလမ်းကို ၁၈ ပေအကျယ်လမ်းအဆင့် သတ်မှတ်ထားသည်။ လက်ရှိတွင် အဆိုပါလမ်းပိုင်းသည် ၁၂ ပေသာရှိသဖြင့် ၁၈ ပေအကျယ်လမ်းအဆင့်ကို မဖြစ်မနေ တိုးချဲ့ဖောက်လုပ်ရမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။ သို့သော် အဆိုပါလမ်းပိုင်းတွင် အသုံးပြုမှုအများဆုံးမှာ ဆိုင်ကယ်များသာ ဖြစ်ကြောင်းနှင့် ယာဥ်တိုက်မှုလည်း ဆိုင်ကယ်ချင်း မတော်တဆ ထိခိုက်မှုများသာ အဖြစ်များကြောင်း မုံရွာမြို့ ပြည်တော်သာရပ်ကွက် မြို့ဝင်ကြေး ဘီးခွန်ကောက်ခံရေးစခန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ‘‘ဒီလမ်းပေါ်မှာ ယာဥ်တိုက်မှု တော်တော်များများက ဆိုင်ကယ်ဆိုင်ကယ်ချင်းများတယ်။ ဆိုင်ကယ်နဲ့ ကားတိုက်တာတော့ နည်းပါတယ်။ ဒီနှစ် ကားနဲ့ဆိုင်ကယ်တိုက်တာ နှစ်ခါ၊ သုံးခါလောက်ပဲ ကြုံဖူးတယ်’’ဟု ၎င်းကပြောသည်။ မုံရွာမြို့သည် ခြောက်သွေ့သော အပူပိုင်းဒေသဖြစ်သည့်အတွက် သစ်ပင်တစ်ပင်ဖြစ်ထွန်းရန် မလွယ်ကူသကဲ့သို့ အပင်ခုတ်ရန်အရေးနှင့် ကြုံလာပါကလည်း မဖြစ်မနေခုတ်ရမည့် အပင်လောက်သာ ခုတ်ခြင်း၊ ကိုင်းချိုင်ခြင်းမျိုးသာ ပြုလုပ်စေလိုကြောင်းနှင့် သစ်ပင်များကို ခုတ်လှဲမည့်အရေးကို ရှောင်လွှဲနိုင်ပါက ရှောင်လွှဲစေလိုကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပါဝင်ဆွေးနွေးသည်။ အဆိုပါလမ်းပိုင်းတွင် ဒေသထွက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဖရဲနှင့် ကောက်ပဲသီးနှံတင်ဆောင်သည့် ကုန်တင်ယာဥ်ခြောက်ဘီးမှ ၂၂ ဘီးအထိ နေ့စဥ်အစီးရေ ဆယ်ဂဏန်း သွားလာလျက်ရှိသည်။ ထို့ပြင် လိုက်ထရပ်ယာဥ် အပါအဝင် ကိုယ်ပိုင်ယာဥ်ငယ်အများစုမှာ နေ့စဥ် နံနက် ၆ နာရီမှ ၁ဝ နာရီအတွင်း မုံရွာမြို့တွင်းသို့ သွားလာမှု အများဆုံးဖြစ်ကြောင်း မုံရွာမြို့ ရွှေပြည်သာရပ်ကွက် အဝင် မုံရွာ-သာစည်လမ်း မြို့ဝင်ကြေး ဘီးခွန်ကောက်စခန်းမှ သိရသည်။ လက်ရှိ အနေအထားတွင် သစ်ပင်များနှင့် လမ်းနီးကပ်စွာရှိ နေခြင်းက မော်တော်ယာဥ်များ ရှောင်တိမ်းမောင်းနှင်ရန် အခက်အခဲဖြစ်စေပြီး ယာဥ်မတော်တဆမှုများဖြစ်ပွားစေသည်ဟုဆိုသည်။ ‘‘ဒေသဖွံ့ဖြိုးရေးအတွက် လမ်းချဲ့တာလက်ခံပါတယ်။ သစ်ပင်တွေမခုတ်ခင် အစားထိုးသစ်ပင်တွေ ကြိုတင်စိုက်ပျိုးသင့်တယ်။ တခြားနည်းလမ်းအနေနဲ့ လမ်းဘေးက ကျူးကျော်တွေ အရင်ရှင်းသင့်တယ်။ သစ်ပင်တွေရဲ့ဘေးမှာ ဆိုင်ကယ်လမ်း၊ ဒါမှမဟုတ် လမ်းသစ်တစ်လမ်းဖောက်ရင် ပိုကောင်းပါတယ်’’ဟု မုံရွာမြို့ မြကမ္ဗလာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်ကျော်ဝင်းက ပြောသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုကျော်က မုံရွာမြို့ ကမ်းနားလမ်း နှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းချဲ့ထွင်ရန် နှစ်ပေါင်းရာကျော်သည့် သက်တမ်းရင့်သစ်ပင်ကြီးများကို ခုတ်လှဲခဲ့ဖူးသည်။ ဧရာမသစ်ပင်ကြီးများ ခုတ်လှဲခဲ့သည့် နောက်ပိုင်း ဂေဟစနစ်များ ပျက်စီးခဲ့သဖြင့် နောက်ထပ် သစ်ပင်ခုတ်ခြင်းကို မလိုလားခြင်းဖြစ်ကြောင်း မုံရွာမြို့ဒေသခံကဗျာဆရာကြီး ဦးအံ့မောင်က ဆိုသည်။ ‘‘ဝန်ကြီး လမ်းညွှန်သလို လမ်းသာမှ ပြည်သာမှာပါ။ ယခင်က ကားကြီးဆိုတာ သုံးတန်အထက်မရှိဘူး။ အခုအခါ ကားကြီးတွေ များပြားလာတယ်။ လမ်းကကျဥ်းနေတဲ့အတွက် ကားကြီးတွေ ရှောင်တိမ်းတဲ့အခါ တစ်ဖက်က သစ်ပင်နဲ့ဆိုတော့ ရှောင်တိမ်းရင် အန္တရာယ်ရှိတယ်။ တစ်ဖက်ကလည်းသစ်ပင်ကြီးတွေ ခုတ်လိုက်တဲ့အတွက် ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မိပါတယ်’’ဟု မြို့မိမြို့ဖ ဦးလှ ဟန်က ပြောသည်။ နှစ်ပေါင်းရာချီ သက်တမ်းရှိ သစ်ပင်များ ခုတ်ထွင်ခဲ့သည့် နောက်ပိုင်း တိုင်းပြည်ရာသီဥတု ဆိုးရွားလာခဲ့သည်ကို ယခုနှစ်များအတွင်း သဘာဝဘေးဒဏ် ကြုံတွေ့ရမှုများက သက်သေပြနေသည်။ မိုးရွာသွန်းသည့်အခါ သစ်ပင်များမရှိတော့သည့်အတွက် မိုးရေများမှာ အတားအဆီးမရှိဘဲ မြစ်ချောင်းများသို့ စီးဝင်ခဲ့သဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည့်ဖြစ်စဥ်များ ကြုံတွေ့ခဲ့ရကြောင်း မုံရွာဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများက သုံးသပ်သည်။ ယခု ခုတ်လှဲလိုက်သည့် သစ်ပင်များအတွက် အစားထိုးသည့် အနေဖြင့် မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီး အမှတ်(၂)နှင့် မုံရွာ- သာစည်- နောင်ကြီးအိုင်လမ်းရှိ လမ်းနယ်မြေ လွတ်ကင်းသည့်နေရာတွင် သစ်ပင် ၂၅ဝ ကို ပြန်လည်စိုက်ပျိုးရန် လျာထားဆောင်ရွက်မည်ဟု တာဝန်ရှိသူများက ဆိုသည်။ ယခု သက်တမ်းရင့်သစ်ပင်များ ခုတ်လှဲမည့် သတင်းများ ထွက်ပေါ်လာသည့် နောက်ပိုင်းဒေသခံများ၏ သဘောထားဆန္ဒကို ဇူလိုင် ၁၁ ရက်မှစ၍ စစ်တမ်းကောက်ယူရန် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်က စီစဥ်ခဲ့သည်။ ‘‘သက်တမ်းရင့်သစ်ပင် ၂၁၂ ပင် ခုတ်မယ့်လမ်းဘေးက ရွာတွေ ကိုသွားပြီး ရွာသူရွာသားတွေရဲ့ သဘောထား စစ်တမ်းကောက်ယူ မှုပါ။ သူတို့လည်းပဲ သစ်ပင်တွေ ကို နှမြောပေမယ့် သူတို့အသုံးပြု နေတဲ့ လမ်းချဲ့ပေးတာကိုတော့ လိုချင်တာဖြစ်နိုင်ပါတယ်။ ဒါ ကြောင့် သူတို့တွေရဲ့ သဘောထားဖြစ်တဲ့ ဒီလမ်းက ချဲ့ဖို့လို၊ မလိုနဲ့ သက်ဆိုင်တဲ့မေးခွန်းကိုးခုကို တစ်အိမ်တက်ဆင်း လိုက်လံမေးမြန်း သွားမှာဖြစ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက် အဖွဲ့မှ ကိုဇော်သူရိန်ထွန်းကပြော သည်။ ယခုလမ်းချဲ့မည့် ခရိုင်ချင်းဆက်လမ်းသည် မော်တော်ယာဥ်အသုံးပြုမှုနည်းပါးပြီး မုံရွာ-အရာတော်- ရွှေဘိုလမ်းပိုင်းသည်သာ ခရီးသည်နှင့် ကုန်တင်ယာဥ်များ အဓိကအားထား သွားလာနေသည့်လမ်းဖြစ်၍ ယခုသက်တမ်းရင့်သစ်ပင်များ ခုတ်လှဲမည့် အရေးနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်သင့်ကြောင်း ကိုဇော်သူရိန်ထွန်းက ဆိုသည်။ ကောက်ခံရရှိလာသည့် ဒေသခံများ၏ သဘောထားစစ်တမ်းအပေါ်မူတည်၍ လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ရန် အထက်ပါကွန်ရက်က စီစဥ်ထားသည်။ ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်ပတ်သက်၍ ကျောက်စစ်ပုံ(တောင်) ကျေးရွာအုပ်ချုပ်ရေးမှူးက ‘‘မုံရွာ၊ မန္တလေးကိုသွားလည်း ဒီလမ်းပဲသုံးနေရတော့ လမ်းချဲ့စေချင်ပါတယ်။ အတတ်နိုင်ဆုံးတော့ သစ်ပင်တွေ ခုတ်လှဲတာနည်းဖို့ပဲ စဥ်းစားခဲ့ကြတာ။ သစ်ပင်တွေမခုတ်ဘဲ လမ်းနယ်မြေထဲက ၁၂ ပေ လမ်းတစ်လမ်း ထပ်ဖောက်မယ်ဆိုရင် ယာဥ်အန္တရာယ်လည်း ကင်းဝေးမယ်။ လမ်းအသုံးပြုရတာလည်း ပိုကောင်းသွားမယ်။ သစ်ပင်တွေလည်း မဆုံးရှုံးစေတော့ဘူးပေါ့’’ဟု ဆိုသည်။ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သည့် ဒေသခံအချို့ရှိသကဲ့သို့ လမ်းကျယ်ကျယ်တွင် သွားလာလို၍ သစ်ပင်ခုတ်လှဲလိုသည့် ဒေသခံများလည်း ရှိနေသည်။ မုံရွာမြို့ ဒေသခံကဗျာဆရာကြီး ဦးအံ့မောင်ကတော့ သူ့အမြင်ကို ပွင့်လင်းစွာပြောပြသည်။ ‘‘သစ်ပင်သစ်တော ခုတ်ထွင်ခြင်းသည် တိုင်းပြည်ကို ကြိုးမိန့်ပေးခြင်းဖြစ်သည်လို့ ယုံကြည်တယ်။ သစ်ပင်ခုတ်တဲ့အလုပ်ကို ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ ဖြစ်နိုင်ရင် ကျောက္ကာလမ်းကို သစ်ပင်ကို အလယ်မှာထားပြီး နှစ်လမ်းမောင်း ဖောက်စေချင်တယ်။ ကျန်တဲ့လမ်းတစ်ဖက်မှာ သစ်ပင်တွေ ထပ်စိုက်လိုက်ရင် သစ်ပင်သုံးတန်းနဲ့ လမ်းနှစ်သွယ် ဘယ်လောက်ကောင်းလိမ့်မလဲ’’ဟု သုံးသပ်ပြောကြားသည်။ ဒေသခံများအတွက် ယာဥ်အန္တရာယ် ကင်းဝေးပြီး သွားလာရအဆင်ပြေစေမည့် လမ်းကျယ်ကျယ်တစ်ခု လိုအပ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော် တစ်ဖက်တွင်လည်း နှစ်တစ်ရာကျော် သက်တမ်းရှိ အညာမြေသကင်္ေတ သစ်ပင်ပေါင်းနှစ်ရာကျော်ကို ခုတ်လှဲပစ်မည့်အရေးမှာလည်း မြို့၏ သကင်္ေတအမွေအနှစ်များ ပျောက်ပျက်ပြီး သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်ယွင်းမည့်အပေါ် စိုးရိမ်စရာဖြစ်နေသည်။ ထို့ကြောင့် အပင်များလည်း ခုတ်စရာမလို၊ လမ်းလည်းချဲ့နိုင်ပြီး ဒေသခံများ၏ အကျိုးစီးပွားကိုလည်း မထိခိုက်သည့် အစီအမံတစ်ခုကို အမြန်ဆုံး အဖြေရှာရန် လိုအပ်နေပြီဖြစ်သည်။ ။
Source : http://ift.tt/29Ed6Pv
via IFTTT

No comments:

Post a Comment