တိုက်ကြီး-အင်းစိန် RBE ရထား ဇူလိုင်လ တတိယအပတ် စတင်ပြေးဆွဲမည် ======================= တိုက်ကြီးကနေ အင်းစိန်အထိ ပြေးဆွဲမယ့် RBE ရထားကို ဇူလိုင်လ တတိယအပတ် စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ တိုက်ကြီးမှ ရန်ကုန်သို့ သွားရောက်တာဝန်ထမ်းဆောင်ဖို့ ၀န်ထမ်းတွေနဲ့ ကုန်အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်စိမ်းသယ်တွေ၊ ပြည်သူတွေ သွားလာရေးအဆင်ပြေဖို့နဲ့ ဝန်ထမ်းတွေ ရုံးချိန်မီဖို့အတွက် တိုက်ကြီး-အင်းစိန် RBE ရထားကို အဓိကထားပြီး ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ကြီးမြို့နယ်မှာ ရထားစီးလူဦးရေ တနေ့ကို ၂၅၀ လောက်ရှိပြီး မှော်ဘီမြို့နယ်မှာ ၆၀၀ လောက်ရှိပါတယ်။ အခု ဇူလိုင်တတိယပတ်ကနေစပြီး တိုက်ကြီး- ပိတောက်တန်း- ဖူးကြီး- လက်ပံတန်းစု- ဝါးနက်ချောင်း- မှော်ဘီ- လှော်ကား- တညင်းကုန်းနဲ့ အင်းစိန်ဘူတာအထိ စတင်ပြေးဆွဲမှာပါ။ မြန်မာမီးရထားဝန်ကြီးဌာနရဲ့ လမ်းညွန်မှုနဲ့ ဒေသခံတွေရဲ့တောင်းဆိုမှုတွေကြောင့် အခုလို RBE ရထားပြေးဆွဲပေးခဲ့တာလို့ တိုက်ကြီးမြို့နယ် မီးရထားရုံးမှ ရုံပိုင်ကြီးဦးလှစိုးကပြောပါတယ်။ ပြေးဆွဲမယ့် ရက်နဲ့အချိန်ကိုလည်း ဇယာရေးဆွဲပြီးကြေညာထားပါတယ်။ အချိန်ကတော့ တိုက်ကြီးဘူတာမှ ၆၆ အစုန်ရထားနဲ့ မနက် ၆ နာရီ ၄၅ မိနစ်အချိန်ကနေ စတင်ထွက်မှာဖြစ်ပြီး မနက် ၈ နာရီ ၃၅ မိနစ်အချိန်မှာ အင်းစိန်ဘူတာကို ရောက်မှာဖြစ်ပါတယ်။ အဆန်ရထားကိုတော့ ၆၅ အဆန်ရထားနဲ့ ညနေ ၅ ခွဲမှာ စထွက်ပြီး ည ၇ နာရီ ၁၅ မိနစ်အချိန်မှာ တိုက်ကြီးဘူတာကို ရောက်မှာဖြစ်ပါတယ်။ ယာဉ်စီးခအနေနဲ့ကတော့ တိုက်ကြီး-မှော်ဘီအထိကို ၂၀၀ ကျပ်နဲ့ တိုက်ကြီးကနေ အင်းစိန်ဘူတာအထိကို ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့မော်တော်ယာဉ်လိုင်းတွေရှိပြီး ရန်ကုန်မြို့တွင်း ကားကြပ်တာ တွေကြောင့် ၀န်ထမ်းတွေ ရုံးချိန်နောက်ကျတာတွေ အများပြည်သူတွေ အရေးပေါ်သွားရောက်ရာ မှာ နှောင့်နှေးကြန့်ကြာတာတွေ ရှိနေပါတယ်။ တွဲဆိုင်း ၃ ဆိုင်းနဲ့ စပြီးဆွဲမှာဖြစ်ပြီး နောက်ပိုင်းရထားစီးတဲ့ ခရီးသည် အရေအတွက် တိုးလာရင်တော့ တွဲဆိုင်းအရေအတွက် ထပ်တိုးပေးပြီး ပြေးဆွဲပေးသွားမယ်လို့ တိုက်ကြီးမြို့နယ် မီးရထားရုံးမှ ရုံပိုင်ကြီး ဦးလှစိုးက ပြောပါတယ်။ ရန်ကုန်မြို့တွင်းမှာလည်း RBE ရထားတွေ ပြေးဆွဲရာ အဆင်ပြေလျက်ရှိပြီး နယ်မြို့တွေမှာ စတင်ပြေးဆွဲရာ အောင်မြင်လျက်ရှိတယ်လို့ သိရပါတယ်။ သတင်း – မေသွယ်
Source : http://ift.tt/29FtLmo
via IFTTT
No comments:
Post a Comment