ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ လာမည့်အပတ်တွင် အစည်းအဝေးပြုလုပ်ကာ လုပ်ငန်းများ စတင်မည်ဖြစ်ပြီး ခရီးသည်တင် ယာဉ်လိုင်းများ လျှော့ချရေး ပထမဦးစားပေး လုပ်ဆောင်မည် ========================= ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အနေဖြင့် လာမည့်အပတ်တွင် အစည်းအဝေး ပြုလုပ်ကာ လုပ်ငန်းများ စတင်မည်ဖြစ်ပြီး ခရီးသည်တင် ယာဉ်လိုင်းများ လျှော့ချခြင်းကို ပထမဦးစားပေး အနေဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ ရန်ကုန်မြို့အတွက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇူလိုင် ၈ ရက်တွင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အတွင်းရေးမှူးအဖြစ် ဒေါက်တာမောင်အောင်တို့ ပါဝင်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် ရန်ကုန်တိုင်းဒေသကြီးအဆင့် တိုင်းတာဝန်ခံများ၊ က.ည.န၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မီးရထားတို့အပြင် ပညာရှင်များလည်း ပါဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လာမယ့်အပတ်မှာ အစည်းအဝေး စလုပ်မယ်။ ယာဉ်လိုင်းလျှော့ချရေးကို ပထမ ဦးစားပေးလုပ်မယ်။ ဒီအဖွဲ့က မော်တော်ကား တစ်ခုတည်းတင် မဟုတ်ဘူး။ ကျန်တဲ့ ပို့ဆောင်ရေးနဲ့ နိုင်တာတွေအားလုံကို လုပ်မှာ” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။ ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု၊ ခရီးသည်တင် ဘတ်စ်ကား၊ တက္ကစီ၊ မြို့ပတ်ရထား၊ ရေကြောင်းပို့ဆောင်ရေး ကိစ္စများကို ကိုင်တွယ်မည့် သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပထမဦးစားပေး အနေဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ၃၅၇ လိုင်းကို လျှော့ချသွားမည်ဖြစ်ပြီး အများပိုင် ကုမ္ပဏီများ တည်ထောင်ရန် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ “အများပိုင်ကုမ္ပဏီတွေ တည်ထောင်ဖို့လည်းရှိတယ်။ အဓိကလမ်းမကြီးတွေမှာ ယာဉ်တွေပြေးဆွဲရေးကို အများပိုင် ကုမ္ပဏီတွေကပဲ အဓိကလုပ်မှာ”ဟု ၎င်းကဆက်လက် ပြောကြားသည်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး ယင်းနှင့်ပတ်သက်သည့် ဥပဒေရေး ဆွဲမည်ဖြစ်ကာ ဥပဒေ ထွက်ရှိလာပါက မထသကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောကြားသည်။ “ဥပဒေမပြီးသေးဘူး။ ဥပဒေထွက်လာရင်တော့ မထသကို ဖျက်သိမ်းမှာ။ ချက်ချင်းကြီးတော့ မထသကို မဖျက်သေးဘူး။ အခုတော့ မထသက ဆက်ရှိနေဦးမှာပဲ” ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် ယာဉ်လိုင်းများရှိ ယာဉ်ဟောင်းများကို လဲလှယ်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ယာဉ်ပိုင်ရှင်များအား ဘဏ်ချေးငွေရရှိရန် ညှိနှိုင်းထားကြောင်း သိရသည်။ “ဘဏ်လုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့တယ်။ ဦးတို့က ကားအိုကားဟောင်းတွေလဲဖို့ အစီအစဉ်ရှိတော့ ဘဏ်ချေးငွေရအောင်။ ယာဉ်ပိုင်ရှင်တွေက ကားအဟောင်းတွေကို နယ်ထုတ်ရောင်းလို့ရအောင်။ အခုဟာက ဘတ်စ်ကားတွေက စုတ်ပြတ်နေတာပဲ။ ဒါကြောင့် အသစ်နဲ့လဲလို့ရအောင် လိုတဲ့ပိုက်ဆံကို ဘဏ်က Hirepurchase နဲ့ ချေးပေးမယ်” ဟု ဒေါက်တာမောင်အောင်က ဆက်လက်ပြော ကြားသည်။ Writer: ကျော်ထင်
Source : http://ift.tt/29xXE4d
via IFTTT
No comments:
Post a Comment