တရုတ်နှင့် ပေါင်းစည်းမှုကို ငြင်းဆန်သည့် ဟောင်ကောင်အမတ် နှစ်ဦးကို တရုတ် ကြားဝင်ပိတ်ပင် ဟောင်ကောင် နိုင်ငံရေးတွင် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်မှု တစ်ခုအနေဖြင့် ဟောင်ကောင်မှ ရွေးကောက်ခံ အမတ်နှစ်ဦးကို တရုတ်အစိုးရက ကြားဝင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ် ယူဝေချန်းနှင့် အသက် ၃၀ အရွယ် ဆစ္စတက်စ်လောင်တို့သည် ဟောင်ကောင်ကို သစ္စာစောင့်သိကြောင်း ကျမ်းသစ္စာ ကျိန်ဆိုချိန်တွင် ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဆိုခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။ အဆိုပါ လုပ်ရပ်ကို တရုတ် လွှတ်တော် အမတ်များက ပြင်းထန်စွာ ဝေဖန်ခဲ့သလို ဟောင်ကောင်၏ လုံခြုံရေးကို ထိပါးစေမည့် စတန့်ထွင်မှုမျိုးဟု ဝေဖန်ခဲ့သည်။ ယခုအခါတွင်မူ တရုတ်က ဟောင်ကောင် နိုင်ငံရေးကို တိုက်ရိုက် စွက်ဖက် စေခိုင်းမှုအဖြစ် ချန်းနှင့် လောင်တို့ကို ဟောင်ကောင် အမတ်များ အဖြစ်မှ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းရှိ တရုတ်အစိုးရက ကျမ်းသစ္စာ ကျိန်ဆိုမှုကို မှန်ကန်တိကျစွာ လိုက်နာနိုင်ခြင်း မရှိသူသည် လွှတ်တော်တွင် အမတ်အဖြစ် တာဝန်ယူရန် အရည်အချင်း မပြည့်မီဟု သတ်မှတ်ကြောင်း ဟောင်ကောင် ဥပဒေပါ ပြဋ္ဌာန်းချက်ကို အသုံးချကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဟောင်ကောင်တွင် ဥပဒေရေးရာ အငြင်းအခုံများ သီတင်းပတ် အတော်ကြာ ပေါ်ပေါက်နေခဲ့ပြီးနောက် တရုတ်၏ ကြားဝင်စွက်ဖက်မှု ပေါ်ပေါက်လာခြင်းဟု သိရသည်။ ဖွဲ့စည်းပုံအရ ဟောင်ကောင်သည် လွတ်လပ်ရေး ရလာပြီးနောက် ၁၉၉၇ မှစ၍ တရုတ်လက်အောက်တွင် ရှိနေသော်လည်း အကန့်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားသည့် ဒေသအဖြစ် ရပ်တည်နေသည်။ ဟောင်ကောင်၏ ဖွဲ့စည်းပုံ ဥပဒေသည် ကျယ်ကျယ်ပြန့်ပြန့် မရှိလှဘဲ တရုတ်အစိုးရက နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဟောင်ကောင်တွင် ဒီမိုကရေစီရေး လှုပ်ရှားသူများက တရုတ်၏ စွက်ဖက်မှုများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် မလိုလားအပ်သည့် စိန်ခေါ်မှု တစ်ခုအဖြစ် စွပ်စွဲကြသည်။ တရုတ်ကမူ ဟောင်ကောင် နိုင်ငံရေး အသိုက်အဝန်း အနေဖြင့် အမြင်ကျယ်ကျယ် ရှိသင့်ကြောင်း တုံ့ပြန်ခဲ့သည်။ ထက်မြက်သည့် နိုင်ငံရေး လှုပ်ရှားသူ အမျိုးသမီး တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ချန်းသည် သူမ၏ ကျမ်းသစ္စာ ကျိန်ဆိုခြင်း အစီအစဉ် အတောအတွင်း “ဟောင်ကောင်သည် တရုတ်မဟုတ်”ဆိုသော စာသားကို ယူဆောင်ပြသခဲ့သူ ဖြစ်သည်။ ချန်းနှင့် လောင်တို့သည် စက်တင်ဘာ ကတည်းက ရွေးကောက်ပွဲ အနိုင်ရခဲ့သော်လည်း ကျမ်းသစ္စာ ကျိန်ဆိုရာ၌ ဟောင်ကောင်ကို တရုတ်၏ အစိတ်အပိုင်း အနေဖြင့် လက်ခံကြောင်း စာသားကို အကြိမ်တိုင်း ပြောင်းလဲ ရွတ်ဆိုသဖြင့် အမတ်နေရာ တင်မြှောက်ရန် အဆင်မပြေခဲ့ချေ။ တရုတ် လွှတ်တော် အမတ်များကမူ ချန်းနှင့် လောင်တို့ အနေဖြင့် ဟောင်ကောင် ပြည်သူ့လွှတ်တော်ကို တရားဝင် ကိုယ်စားပြု ရပ်တည်ရန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုမှုကို လေးလေးနက်နက်၊ တန်ဖိုးရှိရှိနှင့် ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားထားသည်။ Ref: BBC
Source : http://ift.tt/2f8RNsG
via IFTTT
No comments:
Post a Comment