မြန်မာ့အလှရှုခင်းများကို ခံစားရမယ့် From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီ နိုဝင်ဘာ ၄ ရက်နေ့မှာ ရုံတင်ပြသမယ့် From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားဟာ ရုံမတင်ခင် ကတည်းက ပရိသတ်စိတ်ဝင်စားမှု အများအပြားရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတကား ဆိုရင်လည်း မမှားပါဘူး။ ဒီ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်များအဖြစ် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းသရုပ်ဆောင် မင်းသမီး Nam Whan တို့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကလည်း ယခင်ခေတ်နဲ့ ယခုခေတ်ကို ဆက်စပ်ပြီး ထူးထူးခြားခြား ရိုက်ကူးထားတာဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့လှပတဲ့ တောတောင် သဘာဝရှုခင်းတွေကို အသားပေး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ မြန်မာ့အလှရှုခင်းများကို ခံစားရမယ့် From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီဇာတ်လမ်းကတော့ ထိုင်း မင်းသမီးရဲ့ အဘွားက သေဆုံးသွားပြီး သူရဲ့ မြေးမလေးအတွက် စာတွေ ချန်ထား ပေးခဲ့ပါတယ်။ မြန်မာပြည်မှာ သူ့ရဲ့ ဟိုးအရင်က ငယ်ချစ်ဦးရှိခဲ့ပြီး ပြန်လည်သွားရောက်ရှာဖွေဖို့ မှာထားခဲ့တာကစလို့ ဇာတ်လမ်းကို စတင်ခဲ့ပါတယ်။ ထိုင်းအမျိုးသမီးလေးက မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် သူကို မြန်မာနိုင်ငံမှာ လိုက်လံကူညီပေးသူ မြန်မာအမျိုးသားလေး ကျော်ကျော်အဖြစ်ကတော့ စိုင်းစိုင်းခမ်းလှိုင်က ပါဝင်သရုပ်ဆောင် ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ခန့်က မြန်မာနိုင်ငံမှ နန္ဒဆိုတဲ့ နေတိုးနဲ့ အဘွားဖြစ်သူ သူဇာအဖြစ် သရုပ်ဆောင်ထားသော ဝတ်မှုံရွှေရည်တို့ရဲ့ အချစ်ဇာတ်လမ်းကို မြေးမလေးက လိုက်လံပြီး ရှာဖွေခဲ့ပါတော့တယ်။ အဘွားဖြစ်သူ ချန်ထားခဲ့တဲ့ စာလေးတွေက အစပြုလို့ မြန်မာနိုင်ငံအနှံ့ကို လိုက်လံရှာဖွေတဲ့ ထိုင်းမင်းသမီးလေးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ အတွဲရယ် ဟိုအရင်ခေတ်ပုံစံနဲ့ နေတိုး၊ ဝတ်မှုံရွှေရည် တို့ အတွဲတွေရဲ့ သရုပ်ဆောင်ချက်များက သိပ်ပြီး ပြောစရာမလိုအောင် အတွဲညီလှတယ်လို့ ဆိုနိုင်ပါတယ်။ ယခင်က ဇာတ်ကားတွေမှာ သရုပ်ဆောင်ရင် ကြောင်တောင်တောင်ဖြစ်နေပြီး ဇာတ်လမ်းရဲ့ ဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူးလို့ အများဆုံးဝေဖန်ခံရတဲ့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကို ဒီ ဇာတ်ကားမှာ ဇာတ်ကားရဲ့ ကာရိုက်တာနဲ့အညီ လိုက်ဖက်စွာ အကောင်းဆုံး သရုပ်ဆောင် သွားနိုင်တာကို တွေ့ရတဲ့အတွက် သူရဲ့ပရိသတ်တွေလည်း ကျေနပ်မိကြမှာပါ။ ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ဝင်သီချင်းများနဲ့ ထူးခြားလှပတဲ့ မြန်မာ့ရှုခင်းအလှအပရိုက်ချက်များက ဇာတ်ကားကို ပိုပြီးအသက်ဝင်လှပစေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထိုင်း ဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံရော မြန်မာနိုင်ငံမှာပါ ရုံတင်ပြသနေပါတယ်။ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆူဆူညံညံအသံတွေမပါတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းဖြစ်တဲ့အတွက် သွားရောက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတကား ဖြစ်တယ်လို့ ညွှန်းလိုက်ပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာ ၄ ရက်နေ့ကစတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ စံပြ၊ Junction ရုပ်ရှင်ရုံများနဲ့ မန္တလေး၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် အစရှိတဲ့ မြို့ကြီးတွေမှာ ရုံတင်ပြသပေးတော့မှာ ဖြစ်ပါတယ်။
Source : https://goo.gl/cIdetM
via IFTTT
No comments:
Post a Comment