Thursday, November 10, 2016

The Voice

သန်လျင်တွင် သတ္တမတန်းကျောင်းသား နှစ်ဦး ရန်ဖြစ်ရာမှ တစ်ဦး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၀ သန်လျင်မြို့နယ် နာရီစင် လမ်းဆုံ ပန်းခြံ အလယ်ပေါက်တွင် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီက သတ္တမတန်း ကျောင်းသား နှစ်ဦး ရန်ဖြစ်ရာမှ ဦးခေါင်းကို စတီးချိုင့်ဖြင့် ရိုက်နှက် ခံရသော အသက် ၁၄ နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ သေဆုံးခဲ့သော ကျောင်းသားမှာ ယင်းမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ သတ္တမတန်း(F)တွင် တက်ရောက်နေသူ ဖြစ်ပြီး ကျောင်းဆင်းချိန် အခန်းဖော် သူငယ်ချင်းများနှင့်အတူ နေအိမ် ပြန်လာစဉ် နာရီစင်လမ်းဆုံရှိ ပန်းခြံ အလယ်ပေါက်၌ တစ်ကျောင်းတည်းနေ သတ္တမတန်း (A) မှ အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှင့် တွေ့ဆုံပြီး နှစ်ဦး စကားများ ရန်ဖြစ်ကာ အပြန်အလှန် ထိုးကြိတ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ “ကျောင်းသား အချင်းချင်း သာမန် စကားများ ရန်ဖြစ်ရာက သုံးဆင့်စတီးချိုင့်နဲ့ ရိုက်ခံရတဲ့ ကျောင်းသားရဲ့ ခေါင်းမှာ ဖူးရောင် ဒဏ်ရာ ရသွားတယ်။ ရန်ကုန် ဆေးရုံကြီးကို တင်ပို့ ကုသခဲ့ပေမယ့် ဒီနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၄ နာရီမှာ ဆုံးသွားရှာတယ်”ဟု သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောကြားသည်။ သေဆုံးသူ ကျောင်းသားမှာ ညာဘက် ချိုစောင်း ဖူးရောင် ဒဏ်ရာနှင့် ဘယ်လက် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးနေကြောင်း၊ ပြစ်မှု ကျူးလွန်ခဲ့သော ကျောင်းသားကို ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သန်လျင်မြို့မ ရဲစခန်းထံမှ သိရသည်။
Source : https://goo.gl/vZRgav
via IFTTT

No comments:

Post a Comment