မြောက်ပိုင်းမဟာမိတ်၏ တောင်းဆိုမှု အသစ်ကြောင့် ဆွေးနွေးပွဲပျက်ဟု ငြိမ်းချမ်းရေးကော်မရှင် ရှင်းလင်း ရန်ကုန်၊ ဒီဇင်ဘာ ၃ မြောက်ပိုင်းမဟာမိတ်တပ်များ (TNLA/AA/MNDAA) တို့သည် အခင်းအကျင်း ပုံစံအသစ်ကို ပြင်ဆင်တောင်းဆိုခဲ့ခြင်းကြောင့် တွေ့ဆုံပွဲ ပျက်သွားခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ပြောကြားသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားရသည့် ကိစ္စကို သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဌာနက ယင်းလက်နက်ကိုင် သုံးဖွဲ့နှင့် ကူမင်းမြို့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ကိုးကန့်၊ တအာင်း ပလောင်နှင့် အေအေလက်နက်ကိုင်များက ယင်းသို့ တွေ့ဆုံရန် စီစဉ်ထားမှုကို လက်မခံဘဲ ၎င်းတို့သုံးဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံရာတွင် ‘ဝ’ အထူးဒေသ မှ ကိုယ်စားလှယ်၊ ကေအိုင်အေမှ ကိုယ်စားလှယ်များ အပါအဝင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သည့် တွေ့ဆုံပွဲ အခင်းအကျင်းသစ်ကို တောင်းဆိုခဲ့ခြင်းကြောင့် တွေ့ဆုံပွဲ ပျက်သွားခြင်း ဖြစ်ကြောင်း ပြောကြားသည်။ တွေ့ဆုံရန် စီစဉ်ပေးမှုတွင် ယင်းလက်နက်ကိုင်အဖွဲ့များ အပြင် ကေအိုင်အေ၊ ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်များနှင့်ပါ သီးခြားတစ်ဖွဲ့ချင်းစီ တွေ့ဆုံရန် စီစဉ်ပေးထားခြင်း ဖြစ်ပြီး ယင်းအဖွဲ့များတွင် ‘ဝ’ နှင့် မိုင်းလားကိုသာ တွေ့ဆုံခဲ့ပြီး ကေအိုင်အေကမူ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိဟု ပြန်လည်ပြောကြားကြောင်း ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ပြောကြားသည်။ “သူတို့ပြောတဲ့ အခင်းအကျင်း မတိုင်မီမှာ ‘ဝ’ နဲ့က တွေ့ပြီးသွားပြီ။ သူတို့ ထပ်ပါစရာ မလိုတော့ဘူး။ ကေအိုင်အေကလည်း ကျွန်တော်တို့နဲ့တွေ့ဖို့ အစီအစဉ် မရှိဘူး ပြောတယ်။ ပြီးတော့ တရုတ်ကလည်း ဆွေးနွေးပွဲမှာ ဝင်မထိုင်ဘူး ပြောတယ်။ ကျွန်တော်တို့က သုံးဖွဲ့လုံးနဲ့ တစ်ပြိုင်နက် တွေ့ဖို့ကို သဘောတူထားပြီးသားပါ။ သူတို့တောင်းဆိုတဲ့ အခင်းအကျင်း အသစ်အရ မဖြစ်နိုင်ဘူး ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိ အခြေအနေများအရ မြောက်ပိုင်းအဖွဲ့များ အပါအဝင် ‘ဝ’ အထူးဒေသ၊ တရုတ်နိုင်ငံတို့ပါ ဆွေးနွေးပွဲတွင် ပါဝင်ရန် စီစဉ်ပေးသည်ဟု နားလည်ခြင်းကြောင့် ယင်းအခင်းအကျင်းပုံစံကို တောင်းဆိုခြင်း ဖြစ်ကြောင်း တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) အတွင်းရေးမှူး တာဘုန်းကျော်က ပြန်ပြောကြားသည်။ ကေအိုင်အေ၊ ကိုးကန့်၊ ပလောင် လက်နက်ကိုင်အဖွဲ့နှင့် အေအေတို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ဝ ရက်နေ့က မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း အပါအဝင် တပ်မတော်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ယင်းလက်နက်ကိုင်များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
Source : https://goo.gl/1Iwm42
via IFTTT
No comments:
Post a Comment