အိန္ဒိယ၏ ဩဇာအကြီးဆုံး နိုင်ငံရေးသမားများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ဂျေ ဂျာယာလာလီသာ ကွယ်လွန်သွားသည့်နောက် ၎င်းကို လေးစားချစ်ခင်သူ ထောင်ပေါင်းများစွာက ဝမ်းနည်းစွာ စုရုံးခဲ့ကြသည်။ တမီလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးသည် ဒီဇင်ဘာ ၄ ရက်တွင် နှလုံးဖောက်ပြန်မှုကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ပြီး နောက်တစ်ရက်တွင် ကွယ်လွန် သွားခြင်း ဖြစ်သည်။ ချန်နိုင်းရှိ အပိုလို ဆေးရုံက ဒီဇင်ဘာ ၅ ရက်၊ ဒေသစံတော်ချိန် ည ၁၁း၃၀ နာရီ၌ ဂျာယာလာလီသာ ကွယ်လွန်ကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။ သူမကွယ်လွန်ပြီးနောက် ရုပ်အလောင်းကို အိန္ဒိယ အလံဖြင့် လွှမ်းခြုံကာ ပြည်သူအများ လာရောက် နှုတ်ဆက် ဂါရဝပြုနိုင်စေရန်အတွက် ခန်းမကျယ်ကြီး တစ်ခုတွင် ထားရှိခဲ့သည်။ ဂျာယာလာလီသာ သေဆုံးပြီးနောက် လူစုလူဝေး ဖြစ်ပေါ်မှုနှင့် ဆက်စပ်၍ မငြိမ်သက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အိန္ဒိယတောင်ပိုုင်းဒေသ ပြည်နယ်အတွင်းတွင် လုံခြုံရေးကိုလည်း တိုးမြှင့်ထားသည်။ ဂျာယာလာလီသာသည် အိန္ဒိယ နိုင်ငံရေး နယ်ပယ်တွင် ဩဇာလွှမ်းမိုးမှု အကြီးမားဆုံးနှင့် နိုင်ငံရေး စာမျက်နှာ ဖြတ်သန်းမှု အစုံလင်ဆုံးသူ တစ်ဦးဖြစ်သည်။ သူမကို လေးစားသူများက လွန်လွန်ကျွံကျွံ ယုံကြည်ထောက်ခံမှုများ ရှိနေရာ ဂျာယာလာလီသာ ကွယ်လွန်ခြင်းကြောင့် မိမိကိုယ်ကို ထိခိုက်စေမှုများ၊ ရမ်းကားဆူပူမှုများ ဖြစ်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်။ အစောပိုင်းက ဂျာယာလာလီသာ ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ပြီး ချက်ချင်းလိုလို ပြန်လည်ရုပ်သိမ်းမှုတစ်ကြိမ် ရှိခဲ့ရာ ပုဂ္ဂလိက ဆေးရုံရှေ့တွင် ရဲများနှင့် သူမကို ယုံကြည်လေးစားသူများကြား ပဋိပက္ခအချို့ ဖြစ်ပွား ခဲ့သည်။ ထို့နောက်တွင်မှ အပိုလို ဆေးရုံက သတင်းဆိုးကို ထပ်မံအတည်ပြု ကြေညာခဲ့ခြင်းဟု သိရသည်။ တမီလ်နာဒူတွင် နာရေးအတွက် ၇ ရက်ကြာ ဝမ်းနည်းကြေကွဲမှု ကာလ သတ်မှတ်ထားပြီး အိန္ဒိယ ဗဟိုအစိုးရကလည်း ဂျာယာလာလီသာ ကွယ်လွန်ခြင်းအတွက် အလေးအမြတ် ပြုသည့်အနေဖြင့် ဒီဇင်ဘာ ၆ ရက်ကို ပြည်သူ့ရုံးပိတ်ရက် သတ်မှတ်ကြောင်း ကြေညာသည်။ သို့မှသာ အစိုးရ ဝန်ထမ်းများပါ သူမကို နောက်ဆုံးအကြိမ် သွားရောက် နှုတ်ဆက်နိုင်စေရန် ဖြစ်သည်။ ချန်နိုင်းတွင် ပြုလုပ်မည့် ဂျာယာလာလီသာ၏ ဈာပန အခမ်းအနားကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကိုယ်တိုင် တက်ရောက်ရန် စီစဉ်ထားသည်။ ဂျာယာလာလီသာသည် ယခင်က ဘောလိဝုဒ် ရုပ်ရှင် ကြယ်ပွင့်တစ်ဦး လည်း ဖြစ်ခဲ့ပြီး တမီလ်နာဒူ ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းလေးကြိမ် ထမ်းဆောင်ခဲ့သည်။ သူမသည် ကျန်းမာရေး ယိုယွင်းမှုကြောင့် ဆေးဝါးကုသခြင်းများကို လအတန်ကြာ ခံယူနေခဲ့ရပြီး ဖြစ်သည်။ သူမသည် အိန္ဒိယ နိုင်ငံရေး နယ်ပယ်တွင် သံမဏိ အမျိုးသမီးဆိုသော ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည်။ သူမ၏ နိုင်ငံရေးပါတီ AIADMKက ဂျာယာလာလီသာ ကွယ်လွန်မှု သတင်းကို အတည်ပြု ကြေညာပြီးနောက် ပါတီအလံများကို တိုင်တစ်ဝက် လွှင့်ထူပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသခဲ့သည်။ သူမသည် ရုပ်ရှင်နယ်ပယ်တွင်ရော၊ နိုင်ငံရေးနယ်ပယ်တွင်ပါ အနိမ့်အမြင့် အတက်အကျ ပေါင်းစုံကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဂျာယာလာလီသာ အနေဖြင့် ရုပ်ရှင်ဇာတ်ကား ၁၀၀ ကျော်မျှတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။
Source : http://ift.tt/2gf07Y2
via IFTTT
No comments:
Post a Comment