Monday, November 14, 2016

7Day News Journal

အာဖဂန် နစ္စတန်ရှိ အမေရိကန် လေတပ်စခန်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုမှာ စခန်းအတွင်း ဝန်ထမ်းတစ်ဦး၏ လက်ချက်ကြောင့်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပေါက်ကွဲမှုကြောင့် ဘာဂရမ် လေတပ်စခန်းတွင် လူ ၄ ဦး သေဆုံးခဲ့သည်။ ဘာဂရမ်သည် အာဖဂန်တွင် တည်ဆောက်ထားသည့် အမေရိကန်၏ အကြီးဆုံး လေတပ် အခြေစိုက် စခန်းလည်း ဖြစ်သည်။ ထောက်လှမ်းရေး မှတ်တမ်းများအရ ယခုဖောက်ခွဲမှုကို ကျူးလွန်သူမှာ လေတပ်စခန်းတွင် အလုပ်လုပ်နေသည့် ကွာရီ အန်ယာတူလာဆိုသူဖြစ်ပြီး အသေခံ ဗုံးခွဲသွားခြင်းဟု သိရသည်။ ပိုမိုဆိုးရွားသည့် အချက်မှာ အန်ယာတူလာသည် ယခင်က တာလီဘန် အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းပါ ဖော်ထုတ် တွေ့ရှိလာ၍ ဖြစ်သည်။ ၎င်းသည် အစိုးရ၏ အလင်းဝင်ရေး အစီအစဉ်ဖြင့် ၂၀၀၈ ခုနှစ်တွင် လက်နက်ချခဲ့ပြီး ထိုမှတဆင့် ဘာဂရမ်တွင် အလုပ်ရလာခြင်း ဖြစ်သည်။ သို့သော် လေတပ်စခန်းအတွင်း ၎င်းအနေဖြင့် မည်သည့်အလုပ် လုပ်နေသည်၊ မည်မျှ ကြာမြင့်ခဲ့ပြီဆိုသော အချက်များကို တိတိကျကျ မသိရသေးချေ။ ၎င်းသည် အလုပ်ခွင်အတွက် လာရောက် သတင်းပို့သည့် အာဖဂန် နိုင်ငံသား ၁၇ ဦးတွင် ပါဝင်ခဲ့ပြီး ထိုအချိန်တွင် ဖောက်ခွဲရေး ကိရိယာများ တပ်ဆင်ထားသည့် အတွင်းခံ အင်္ကျီမှ စနက်တံကို ဖြုတ်လိုက်ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အန်ယာတူလာ၏ နေအိမ်ကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့က စီးနင်းခဲ့ပြီး ၎င်းနှင့် ဆွေမျိုးသားချင်း တော်စပ်သူ နှစ်ဦးကို ထိန်းသိမ်းထားလိုက်သည်။ ဘာဂရမ်သည် ယခင်ကလည်း စစ်သွေးကြွများ၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြုံခဲ့ဖူးသည့်တိုင် လေတပ်စခန်း ဧရိယာထဲထိ ဝင်၍ ဗုံးခွဲခံရခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးဟု သိရှိရသည်။
Source : http://ift.tt/2fxVOV6
via IFTTT

No comments:

Post a Comment