Monday, November 14, 2016

The Irrawaddy - Burmese Edition

ခါကာဘိုရာဇီ ယူနက်စကိုစာရင်း ပါဝင်နိုင်ရေး ကြိုးပမ်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ အမြင့်ဆုံး တောင်တည်ရှိရာ ခါကာဘိုရာဇီဒေသ ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ သဘာဝအမွေ အနှစ် (Natural World Heritage) စာရင်းသို့ ၂၀၁၈ ခုနှစ်တွင် အမည်စာရင်း အဆိုပြု တင်သွင်းနိုင်ရန် မြန်မာအစိုးရက ဆောင်ရွက်လျက်ရှိသည်။ ယူနက်စကို နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက် ရှိ သစ်တောဦးစီးဌာနတို့ ၂၀၁၃ ခုနှစ် မှ စတင် ပူးပေါင်း ဆောင်ရွက်မှုရလဒ် အဖြစ် သဘာဝ ဘေးမဲ့တော ၇ ခုကို ကမ္ဘာ့သဘာဝအမွေအနှစ်ဒေသများ လျာထားစာရင်း တွင် ထည့်သွင်းထားသည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမင်းက ပြောသည်။ ဦးမျိုးမင်း၏ ဧရာဝတီသတင်းဌာနသို့ ဖြေကြားသော အီးမေးလ်အရ ထို ဒေသ ၇ ခုတွင် ကချင်ပြည်နယ်မှ မြန်မာ့မြောက်ဖျား တောင်ပေါ်ဆက်စပ်သစ်တော ဒေသဖြစ်သည့် ခါကာဘိုရာဇီ၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ ပါဝင်သည်။ ချင်းပြည်နယ်မှ နတ်မတောင် အမျိုးသား ဥယာဉ် ပါဝင်ပြီး၊ တနင်္သာရီတိုင်းမှ တနင်္သာရီဆက်စပ် သစ်တောဒေသ၊ ဧရာဝတီမြစ်ဝှမ်း စင်္ကြန် နှင့်မြိတ်ကျွန်းစု ဒေသတို့ ပါဝင်သည်။ ဤဒေသများအနက် အမြင့် မီတာ ၅၈၈၁ ရှိသော ခါကာဘိုရာဇီဒေသကို အစိုးရက ပထမဦးစားပေး သတ်မှတ်ထားသည်။ ထို နေရာကို UNESCO ၏ ဂုဏ်ပြုခံရရေးအတွက် ၂၀၁၅ ခုနှစ်က ကွင်းဆင်းလေ့လာမှု ဆန်းစစ်မှုများ စတင် ပြုလုပ်ခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့က ထိုဒေသကို ကုလသမဂ္ဂ၏ စံနှုန်း များနှင့်ညီမညီ စစ်ဆေးရန် ကွင်းဆင်းဆောင်ရွက်မှုများ ရှိခဲ့သည် ။ ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် အဆိုပြုရန် ဒေသ ၇ ခုကို ရည်ရွယ် ထားသော်လည်း အစိုးရသည် နေရာအားလုံးတွင် တပြိုင်နက် ကွင်းဆင်းသုတေသန မပြုနိုင်သေး ဟု သစ်တောစီမံကိန်းဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇော်က ဆိုသည်။ “လျာထားစာရင်းထဲက ဒေသတိုင်းကို [သုတေသန] ကွင်းဆင်းစစ်ဆေးမှုကို မလုပ်နိုင် သေးဘူး။ ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ ခါကာဘိုရာဇီဒေသကို စလုပ်တာ” ဟု ဦးကျော်ဇော်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည် ။ ကမ္ဘာ့သဘာဝရင်း အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခံရရန် သက်ဆိုင်ရာနိုင်ငံအသီးသီး တို့သည် ထိုဒေသရှိ သဘာဝဝန်းကျင်နှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ကတိကဝတ် ပြုရသည်။ သတ်မှတ်ဧရိယာ သေချာရှိရမည် ဖြစ်ပြီး ကမ္ဘာ့အဆင့်မှီခြင်း နှင့် ကောင်းမွန်စွာ ထိန်းသိမ်းမှုတို့နှင့်လည်း ကိုက်ညီရမည် ဖြစ်သည်။ မြန်မာနိုင်ငံတဝှမ်းတွင် ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံ အများ အပြား ရှိသော်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ရှေးဟောင်းပျူမြို့များ ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့်သရေ ခေတ္တရာမြို့များပါဝင်သော ဒေသတခုသာ ပါဝင်သေးပြီး ထိုဒေသကို ၂၀၁၄ ဇွန်လကမှ စာရင်းဝင်ခဲ့သည်။ ပျူလူမျိုးတို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဘီစီ ၂၀၀ ခုနှစ် မှ အေဒီ ၉၀၀ ခုနှစ် ခန့်အထိ နေခဲ့ကြသည် ဟု ယူဆရသည်။ ယူနက်စကိုသို့ အဆိုပြုရန် လျာထားသော သဘာဝဥယျာဉ် ၃ ခုအပါအဝင် မြန်မာနိုင်ငံ၏ သဘာဝဥယျာဉ် ၇ ခုသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ အာဆီယံ အမွေအနှစ် ဥယျာဉ်များ စာရင်းတွင် ပါဝင်သည်။ အာဆီယံအမွေအနှစ်ဥယျာဉ်များ ကွန်ရက်သည် ဂေဟစနစ် များကာကွယ်ရေး၊ ဒေသတွင်း ဇီဝမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည်တည်တံမှု ထိန်းသိမ်းရေး တို့ကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံသည် ၅ ကြိမ်မြောက် အာဆီယံ သဘာဝအမွေအနှစ် ဥယျာဉ်များညီလာခံကို ယခုနှစ် အောက်တိုဘာလက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
Source : https://goo.gl/OT6ZWz
via IFTTT

No comments:

Post a Comment