Saturday, November 12, 2016

လက်သိပ်ထိုး ချပေးသည့် မြေကွက် ရယူမှုတွင် ယခင်အစိုးရ အကြီးအကဲ အချို့၏ ဆွေမျိုးများ ပါဝင်ဟု

အစိုးရ အကူးအပြောင်းကာလ မန္တလေးခရိုင်အတွင်း ယခင်အစိုးရ တာဝန်ရှိသူတို့က လက်သိပ်ထိုး ချထားပေးခဲ့သည့် မြေကွက်များ ရယူမှုတွင် ယခင် အစိုးရ အကြီးအကဲ အချို့၏ ဆွေမျိုးသားချင်းများ ပါဝင်နေပြီး အမည်ခံ လျှောက်ထားမှုများလည်း တွေ့ရှိရကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။ သြဂုတ်လ ၃ ရက်မှ စတင်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ သုံးဖွဲ့ဖြင့် သုံးလကြာခန့် စစ်ဆေးခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်သွင်းမည့် အစီရင်ခံစာတွင် ယင်းကဲ့သို့ ရေးသားထားခြင်းဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့ (၁) ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။ “အစိုးရဝန်ကြီးတွေ မဟုတ်ဘူးနော်။ အစိုးရ အကြီးအကဲရဲ့ ဆွေမျိုးသားချင်းတွေ၊ ဒါကလည်း ကျွန်တော်တို့က အိမ်ထောင်စု ဇယားတွေနဲ့ပဲ တိုက်ဆိုင် စစ်ဆေးကြည့်လို့ သိရတာ။ ဒီထက်မကလည်း ရှိနေနိုင်ပေမယ့် ဒါတွေ အကုန်လုံး စစ်စစ်ပေါက်ပေါက် လုပ်နေမယ် ဆိုရင်တော့ အစီရင်ခံစာက အချိန်မီ ပြီးစီးနိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ ယင်းအစီရင်ခံစာကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရထံ တင်သွင်းမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်စသည့် အပိုင်း သုံးပိုင်းဖြင့် တင်ပြထားကြောင်း၊ တွေ့ရှိချက်များကို အများပြည်သူ သိရှိစေရန်အတွက်လည်း အစီရင်ခံစာ တင်သွင်းပြီးသည့် အချိန်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့၏အဆိုအရ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မန္တလေးမြို့ပေါ် (ချမ်းအေးသာစံ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း) တွင် မြေဧကပေါင်း ၅ဝဝ ကျော်ကို လူပုဂ္ဂိုလ် ၂၄ဝ ကျော်အား ချထားပေးခဲ့ပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ဖြင့် ပုသိမ်ကြီး၊ အမရပူရနှင့် ပြည်ကြီး တံခွန်မြို့နယ် အတွင်းမှ မြေဧက ၁၁၂ဝ ကျော်ကို လူပုဂ္ဂိုလ် ၁၆၇ ဦးအား ချထားပေးခဲ့ကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ မြေကွက်များတွင် တစ်ဦးတည်း ခြောက်ဧကခန့် အများဆုံး ချထားပေးခဲ့မှု၊ ငွေသွင်း ပြေစာ အချို့ကို တစ်ဦးတည်း နာမည်ဖြင့် ပေးချေထားမှု၊ တစ်ဦးတည်းအကွက် သုံးလေးကွက် ယူထားမှုတို့ ရှိသည်ကို ယင်းအဖွဲ့ထံမှ သိရှိရသည်။ “၁၃ နှစ်သား ကလေးနာမည်နဲ့ ယူထားတာလည်း ရှိတယ်။ တချို့ကလည်း ကိုယ့်မြေကွက် ဘယ်နားမှာ ရှိမှန်းလည်း မသိဘူး။ ရောက်လည်း မရောက်ဖူးကြဘူး။ ဆိုလိုတာက နာမည်ခံပြီး ယူပေးခဲ့တာတွေ တွေ့ရတယ်။ နောက်ပြီး မြေတစ်ဧကနဲ့ အထက်ဆိုရင် မြို့တော်ဝန် ခွင့်ပြုမှ ပေးလို့ ရတာကို တာဝန်ရှိသူ တချို့က သူ့တို့ သဘောနဲ့ သူတို့ ခြောက်ဧကလောက်ထိ ပေးခဲ့တာမျိုးတွေကို တွေ့ရတယ်”ဟု ဦးမြင့်အောင်မိုးက ရှင်းပြသည်။ ဇွန်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက အစိုးရ အကူးအပြောင်းတွင် မန္တလေးရှိ မြေကွက် များစွာကို ကာလပေါက်စျေးထက် အဆများစွာ လျော့နည်းသည့်စျေးဖြင့် လုပ်ငန်းရှင်တို့ထံ လွယ်လင့်တကူ ချထားပေးမှုများသည် ပွင့်လင်းမြင်သာမှု မရှိဘဲ လက်သိပ်ထိုးပေးခဲ့သဖြင့် ပြန်လည် စိစစ်ရန် လိုအပ်ကြောင်း အဆို တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် ပြန်လည် စိစစ်ခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/0g9oZx
via IFTTT

No comments:

Post a Comment