Wednesday, November 16, 2016

Eleven Media Group

မန်မာအိမ်အကူ အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြင့် အိမ်ရှင်အမျိုးသားကို ထောင်ဒဏ် ၁၃ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂ဝ ပြစ်ဒဏ်ကျခံစေရန် စင်ကာပူတရားရုံးက နိုဝင်ဘာ ၁၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း စင်ကာပူ The Straits Times သတင်းဌာနက ဖော်ပြသည်။ The Straits Times သတင်းဌာန၏ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ်ရှိ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပြစ်ဒဏ်ချမှတ်ခြင်းသည် စင်ကာပူနိုင်ငံတွင် အိမ်ရှင်က အိမ်အကူကို အဓမ္မပြုကျင့်မှုအတွက် ပထမဆုံး ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ အိမ်ရှင်အမျိုးသားသည် အရက်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်က အိမ်အကူ မြန်မာအမျိုးသမီးကို နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ဖြစ်စဥ်ဖြစ်ပွားချိန်တွင် အမျိုးသား၏ဇနီးနှင့် ကလေးနှစ်ယောက်သည် ဟောင်ကောင်သို့ ရောက်နေပြီး ၎င်း၏မိခင်မှာလည်း ပြည်ပသို့ ရောက်ရှိနေကြောင်း သိရသည်။ ခုနစ်ရက်ကြာ ရုံးတင်စစ်ဆေးမှုတွင် အိမ်ရှင်အမျိုးသားသည် ပြစ်မှုမကျူးလွန်ကြောင်း ငြင်းဆန်ထွက်ဆိုခဲ့သော်လည်း ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ၎င်းသည် အရက်မူးနေကြောင်း၊ အခြားသက်သေများအရ ပြစ်မှုကျူးလွန်သည်ဟု တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြခဲ့သည်။ ပြစ်မှုကျူးလွန်သူ အိမ်ရှင်အမျိုးသား အနေဖြင့် ယခုပြစ်ဒဏ်အတွက် အာမခံကြေး စင်ကာပူဒေါ်လာ ၇ဝဝဝဝ ပေးဆောင်၍ အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကာတာ အခြေစိုက် Al Jazerra သတင်းဌာနကလည်း စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အရွယ်မရောက်သေးသူ မြန်မာအိမ်အကူ အမျိုးသမီးငယ်များသည် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများကို ကြုံတွေ့နေရကြောင်း အောက်တိုဘာလအတွင်းက ဖော်ပြခဲ့သည်။ The Straits Times သတင်းဌာန၏ ဖော်ပြချက်အရ စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပအိမ်အကူ နှစ်သိန်းကျော် ရှိနေပြီး စင်ကာပူဥပဒေအရ ၎င်းတို့အနေဖြင့် အနည်းဆုံး အသက် ၂၃ နှစ် ရှိရမည်ဟု သတ်မှတ်ထားသည်။ အိမ်အကူစုဆောင်းသည့် ဖြစ်စဥ်များအတွင်း လှည့်စားခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကိုတွေ့ရပြီး ထိုဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည့် အိမ်အကူ အမျိုးသမီးငယ်အများစုမှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း စုံစမ်းဖော်ထုတ်မှုများအရ သိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။ မြန်မာအိမ်အကူများကို စင်ကာပူတွင် အလုပ်သွင်းပေးရန် စုဆောင်းပေးသည့် အေးဂျင့်များသည် အသက်သတ်မှတ်ချက်ပြည့်မီရန် လိမ်လည်မှုများ ပြုလုပ်ခဲ့ပြီး အချို့အမျိုးသမီးငယ်များသည် အသက် ၁၅ နှစ်အရွယ်အထိ ငယ်ရွယ်ကြောင်းလည်း သိရသည်။ ၎င်းတို့၏ အသက်ငယ်ရွယ်မှုကြောင့် အိမ်အကူ အမျိုးသမီးငယ်များသည် ကြမ်းတမ်းသည့် အလုပ်ရှင်များနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများအတွက် လွယ်ကူသည့် ပစ်မှတ်များ ဖြစ်လာနေသည်ဟုလည်း သတင်းတွင် ဖော်ပြခဲ့သည်။ ဇူလိုင်လအတွင်းကလည်း မြန်မာအိမ်အကူ မပြောင်ငိုက်ဒွန်းသည် စင်ကာပူမြို့ (၄၅) ရပ်ကွက် ပိရှန်းလမ်းသွယ် (၁၁) ကိုးလွှာရှိ အိမ်ခန်းတွင် အိမ်ရှင်သားအမိ၏ သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း The Straits Times သတင်းဌာနက ဖော်ပြခဲ့သည်။ Writer: ငြိမ်းကို
Source : http://ift.tt/2fXvHrJ
via IFTTT

No comments:

Post a Comment