ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲ ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်ထိ ကျင်းပမည် ရန်ကုန် နိုဝင်ဘာ ၁၅ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် ''ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေ စာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲ'' ကို ဒီဇင်ဘာ ၁ ရက် (ကြာသပတေး)နေ့မှ ၄ ရက်(တနင်္ဂနွေ) နေ့ထိ လေးရက်တိုင်တိုင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သည့် စာတမ်းဖတ်ပွဲ၊ စာအုပ်ဈေး ရောင်းပွဲတော်များအနက် ယခုအစိုးရသစ်လက်ထက် ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်ထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၌ ကျင်းပပြီးစီးခဲ့သည့် နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်း ပွဲ၊ နိုဝင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ ကျင်းပပြီးစီး ခဲ့သည့် ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတို့သည်ကား နိုင်ငံရေးစာပေ၊ ကလေးစာပေချစ်မြတ်နိုး သူများကြား၊ လူတန်းစားအလွှာစုံကြား၊ ကျောင်းသား ကျောင်းသူ ဆရာ မိဘများကြား၊ ပြည်သူများကြား ရေပန်းစားထင်ရှား အောင်မြင်ခဲ့သည့် ပွဲများဖြစ်ခဲ့ကြောင်း ပြပွဲပြီးရလဒ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲနှင့် ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတို့တွင် ခင်းကျင်းပြသရောင်းချ ခဲ့သည့် စာအုပ်ဆိုင်များအားလုံးတို့တွင် စာပေအမျိုးအစားအလိုက် အားပေး ကြည့်ရှု ဝယ်ယူ အားပေးမှု အထူးများပြားခဲ့ကြောင်း၊ ဖွင့်လှစ်ရောင်းချသည့် စာအုပ်ဆိုင်အများစုက ဘာသာရပ်အလိုက် စာအုပ်မျိုးစုံရောင်း အားကောင်း၊ ရောင်းအား သွက်ခဲ့ကြောင်း၊ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ အောင်မြင်မှုရရှိခဲ့ခြင်းမှာ အချက်အလက်များ ပြည့်ပြည့်စုံစုံဖြင့် စာတမ်း ပြုစု ဖတ်ကြားတင်သွင်းခဲ့ကြသည့် စာတမ်းရှင်များ၊ ကဏ္ဍအသီးသီးတွင် အားဖြည့်ပံ့ပိုး ပေးခဲ့ကြသည့် အဖွဲ့အစည်းအားလုံး၊ လူပုဂ္ဂိုလ်အားလုံးတို့၏ တူညီသော နိုင်ငံချစ် စိတ်၊ မှန်ကန်သောအသိစိတ်ဖြင့် ပူးပေါင်းပါဝင် ကူညီခဲ့ကြခြင်းကြောင့် ဖြစ်သည်။ မကြာမီကျင်းပမည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲအောင်မြင်ရေး အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းစီစဉ်ပြီးဖြစ် သလို ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကလည်း အချိန်နှင့်တစ်ပြေးညီ တစ်တပ် တစ်အား လှုပ်ရှား ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက အဆိုပါ စာအုပ် ဈေးရောင်းပွဲတွင် စာအုပ်ဆိုင်ခန်းဖွင့်လှစ်ရောင်းချလိုသူများသည် နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထားစာရင်းပေးသွင်းရန်နှင့် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာ၇ီတွင် သိမ်ဖြူလမ်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဈေးပွဲတော် ဆိုင်ခန်းနေရာများ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း၊ စာအုပ်ဆိုင်ဖွင့်လှစ် ရောင်းချလိုသူများအနေဖြင့် စာအုပ်ဈေးပွဲတော် လေးရက် အတွက် ဆိုင်ခန်းအရွယ် ( ၈ ပေ x ၆ ပေ) ရှိ ဆိုင်ခန်းဖွင့်လှစ်ခ ငွေကျပ် ၆ဝဝဝဝ နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၌ကျင်းပမည့် စာအုပ်ဈေးပွဲတော်နှင့် နိုဘယ်လ်မြန်မာစာအုပ် ဈေးပွဲတော်အတွက်ပါ အဆိုပါဆိုင်ခန်းနေရာ မဲနှိုက်မည့်နေ့တွင် အစီအစဉ်များ တင်ပြ ဆွေးနွေး ကြမည်ဖြစ်ရာ စာအုပ်တိုက်ပိုင်ရှင်များ ကိုယ်တိုင်တက်ရောက်ကြပါရန်နှင့် အသေးစိတ်ကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဖုန်း ဝ၉-၃ဝဝဝ၂၃၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။ သမိုင်းအထောက်အထားဟူသည် ယင်းကာလ၏ မြို့ပြပြည်ရွာ တည်ထောင် တည်ဆောက်ပုံ အထောက်အထား၊ ပြည်သူများ၏ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ နေထိုင်မှုပုံစံ၊လူနေမှု အဆင့်အတန်းတို့ကို လှစ်ဟပြနေသည်။ သမိုင်းကို ဖျောက်ဖျက် ၍မရ၊ ပြုပြင်၍မရ၊ လုပ်ကြံတီထွင်၍မရ၊ မျိုးဆက်သစ် လူငယ်များ ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာပေ၊ ယဉ်ကျေးမှုများကို မပျောက်မပျက် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးဆိုသည့် အသိစိတ်ဓာတ် ရှိရန်လိုသည်။ ဤသည်ကို ရည်ရွယ် ကျင်းပသည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ် ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး၊ ပြည်သူ အားလုံး စွမ်းရာနိုင်ရာ ကဏ္ဍက ပါဝင်နိုင်ရေး အသိပေးနှိုးဆော်လိုက်ရပါသည်။ ကိုချစ်
Source : http://ift.tt/2feYwOT
via IFTTT
No comments:
Post a Comment