မောင်တောမြို့နယ် တောင်ပိုင်းမြင်းလွှတ်မြို့ ရွာသစ်ရပ်ကွက်တွင် နယ်ခြားစောင့် ကင်းစခန်းတစ်ခု နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီတွင် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ “မီးလောင်တာကတော့ ဒီကနေ့ နံနက် ၂ နာရီခွဲ ၃ နာရီလောက်မှာ ဖြစ်တယ်လို့ နယ်ခြားစောင့်ရဲက သိရတယ်။ အခု မီးလောင်တဲ့ ရဲကင်းစခန်းက မြင်းလွှတ်မြို့ ဧရိယာထဲက ရွာသစ်ရပ်ကွက်မှာ တည်ရှိပါတယ်” ဟု မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ မီးရှို့ဖျက်ဆီးခံရသည့် ကင်းစခန်းသည် မောင်တောမြို့မှ ၁၈ မိုင်အကွာ မောင်တော - အငူမော် ကားလမ်းပေါ်တွင် တည်ရှိပြီး အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဥ်အပြီးတွင် လုံခြုံရေး ရုပ်သိမ်းထားသည့် ကင်းစခန်းဖြစ်ကြောင်း သိရသည်။ “ကမ်းနားရွာသစ် ဆိုတာရှိတယ်။ အဲဒီကမ်းနားရွာသစ်နဲ့ မြင်းလွှတ်ကြားမှာ တံတားရှိတယ်။ တံတားရဲ့ တောင်ဘက်မှာရှိတ့ဲ ကင်းစခန်း မီးလောင်တာ။ ကင်းစခန်းမှာ လုံခြုံရေးလည်း မရှိသလို လူတစ်ယောက်မှ လည်းမရှိဘူး” ဟု အင်းဒင်းကျေးရွာသား ဦးကျော်တင်က ပြောကြားသည်။ နိုဝင်ဘာ ၃ ရက်ညနေ ၅ နာရီ မိနစ် ၅ဝ ခန့်က မောင်တောနယ်တောင်ပိုင်း အလယ်သံကျော်သွားလမ်းပေါ်ရှိ မောင်တောမြို့နှင့် သုံးမိုင်ခန့်အကွာ ဘကုန်းနားကျေးရွာအုပ်စု နူရူလာကျေးရွာ နယ်ခြားစောင့်ကင်းစခန်း တစ်ခု ထပ်မံတိုက်ခိုက်ခံရပြီး ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးကာ ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းရာ ဆိုင်ကယ်သုံးစီးနှင့်အတူ ပစ္စတိုသေနတ်ထည့်သည့် သေနတ်မပါ အိတ်အလွတ် လေးအိတ်၊ ကျည်ခွံက ၁၃ ခုနှင့် လက်လုပ်မီးလောင်ဗုံးအဖြစ် အသုံးပြုသည့် ဓာတ်ဆီပုလင်းပိုင်း တစ်ခုသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဥ်ပြီးနောက် နာရီပိုင်းအကွာတွင် ကင်းစခန်း မီးရှို့ခံရခြင်းဖြစ်သည်။ အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ်ရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ဌာနချုပ် (ကျီးကန်းပြင်) အပါအဝင် နယ်ခြားစောင့်စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် ၂၃ ရက်အကြာ မောင်တောဒေသသို့ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် နိုင်ငံတကာ သံတမန်များ လာရောက် လေ့လာခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား လာခြင်းဖြစ်သည်။ မြင်းလွှတ်မြို့တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ခြင်း မရှိဘဲ ဘင်္ဂါလီများသာ နေထိုင်သောမြို့ ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်မှ မြို့အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဥ်အပြီးနောက်တွင် အဆိုပါ မြင်းလွှတ်မြို့၌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးလည်း ပိတ်ထားပြီး ဌာနဆိုင်ရာရုံး၊ ကျောင်း၊ ဆေးပေးခန်းများလည်း ပိတ်ထားရကြောင်း သိရသည်။ Writer: သားရွှေဦး (ကစ္ဆပ)
Source : http://ift.tt/2fac7Hx
via IFTTT
No comments:
Post a Comment