မိုဆူးလ်မြို့မှ မဆုတ်ခွာရန် တိုက်တွန်းသည့် IS ခေါင်းဆောင် ဘာဒါဒီ၏ အသံဖိုင် ထွက်ပေါ် ဘဂ္ဂဒက်၊ နိုဝင်ဘာ ၃ မိုဆူးလ်မြို့မှ မဆုတ်ခွာဘဲ ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည့် IS ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘာဒါဒီ၏ အသံဖိုင်ကို IS အဖွဲ့က ထုတ်ပြန် ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ အသံဖိုင်သာ အစစ်ဆိုပါက တစ်နှစ်အတွင်း ဘာဒါဒီ၏ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်ကြေညာမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သလို ဘာဒါဒီသေပြီ ဆိုသော ကောလာဟလများလည်း အဆုံးသတ်သွားမည် ဖြစ်သည်။ IS အနေနှင့် မိုဆူးလ်မြို့ အီရတ်အစိုးရတပ်များ လက်ထဲမကျရစေရေး ကာကွယ်ကြရန် အသံဖိုင်ထဲတွင် တိုက်တွန်းပြောဆိုထားသည်။ အဆိုပါအသံမှာ ဘာဒါဒီ၏ အသံ အစစ် ဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်ပေ။ ပြီးခဲ့သည့်နှစ်များအတွင်း ဘာဒါဒီ သေပြီဆိုသော သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်ကလည်း အီရတ်စစ်တပ်က ဘာဒါဒီ စီးနင်းလာသော ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ကြေညာခဲ့ဖူးသည်။ ဘာဒါဒီ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသော်လည်း မိုဆူးလ်မြို့တွင်း၌ IS တိုက်ခိုက်ရေးသမားများနှင့်အတူ ရှိနေနိုင်ကြောင်း တာဝန်ရှိသူအချို့က သုံးသပ်ထားသည်။ ဘာဒါဒီသည် ကာလီဖိတ် နိုင်ငံတော် ထူထောင်ကြောင်း မိုဆူးလ်မြို့ရှိ သမိုင်းဝင် ဗလီကြီးတစ်ခုမှနေပြီး ကြေညာခဲ့ခြင်း ဖြစ်သည်။ အီရတ်တွင် IS ၏ နောက်ဆုံးမြို့ပြ အခြေစိုက်စခန်း ဖြစ်သော မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် အီရတ်တပ်ဖွဲ့များက စစ်မျက်နှာ သုံးခုခွဲပြီး ချီတက်လာနေသည်။ မြို့ပြင်နှင့် ပတ်လည်ရှိ မြို့ငယ်၊ ရွာငယ်အများအပြားကိုလည်း IS လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာ အီရတ်အစိုးရ တပ်များအပြင်၊ ကာ့ဒ်ပက်ရှ်မာဂါတပ်ဖွဲ့များ၊ ရှီးယိုက်စစ်သွေးကြွများ၊ ဆွန်နီအာရပ် တောင်တန်းသားများလည်း ပူးပေါင်းပါဝင်ခဲ့သည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် အရှေ့ဘက်မှ ချီတက်လာသော တပ်ဖွဲ့များသည် ကုဂျာလီခရိုင်ကို သိမ်းပိုက်ပြီးနောက် IS တပ်ဖွဲ့များ ကျန်ရှိနေ၊ မနေကို စစ်ဆေးနေကြပြီး ထိုမှတစ်ဆင့် မိုဆူးလ်သို့ ဆက်လက်ချီတက်မည် ဖြစ်သည်။ အချို့သော ဆွန်နီစစ်သွေးကြွများမှာ IS ဂျီဟတ်ဝါဒီများနှင့် အဆက်အစပ် ရှိသည်ဟု သံသယရှိသော ဒေသခံလူကြီး၊ လူငယ်များကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ရှိနေကြောင်း အထောက်အထားများ ရထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃ ရက်နေ့က ထွက်ပေါ်လာသော အသံဖိုင်တွင် “အရှက်တကွဲ ဆုတ်ခွာရတာထက်စာရင် ဂုဏ်သိက္ခာရှိရှိ ကာကွယ်တာက အဆ ၁၀၀၀ မက လွယ်ပါတယ်။ နောက်မဆုတ်ကြပါနဲ့။ ဒီအလုံးစုံစစ်ပွဲနဲ့ မဟာဂျီဟတ်ဟာ ကျုပ်တို့ရဲ့ အလ္လာအရှင်ရဲ့ ဆန္ဒတော်အပေါ် ခိုင်မာတဲ့ ယုံကြည်ချက်ကို တိုးတက်အားကောင်းစေမှာ ဖြစ်ပါတယ်” ဟု ပြောကြားထားမှု ပါရှိခဲ့သည်။ မိုဆူးလ်မြို့ တည်ရှိရာ နင်နီဗေးမှ ပြည်သူများ အနေနှင့် ‘အလ္လာအရှင်၏ ရန်သူတော်များ’ ကို တိုက်ခိုက်ကြရန်လည်း တိုက်တွန်းထားသည်။ အခြားနိုင်ငံများမှ IS ထောက်ခံသူများလည်း အကြမ်းဖက်မှုများ ပြုလုပ်ကြရန် နှိုးဆော်ထားပြီး “မိစ္ဆာဒိဋ္ဌိတို့၏ ညများကို နေ့အဖြစ် အသွင်ပြောင်း တစ်ပါးမြေတွင် အကြီးအကျယ် ပျက်စီးအောင် အကြမ်းဖက်ကြရန်၊ သွေးမြစ်စီးစေသည်အထိ တိုက်ခိုက်ကြရန်လည်း အဆိုပါ အသံဖိုင်တွင် တိုက်တွန်းထားသည်။ အီရတ်တပ်ပေါင်းစုသည် နိုင်ငံတကာတပ်ဖွဲ့များ ကျောထောက်နောက်ခံဖြင့် မိုဆူးလ်ကို သိမ်းပိုက်ရန် အောက်တိုဘာလ ၁၇ ရက်နေ့ ကတည်းက ထိုးစစ်စတင်ခဲ့ခြင်း ဖြစ်သည်။ အနီးတစ်ဝိုက်ရှိ မြို့ငယ်ရွာငယ်များကို သိမ်းပိုက်နိုင်ပြီ ဖြစ်သော်လည်း မြို့တွင်းသို့ဝင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ စစ်တပ်က မြေပြင်ကို ထိန်းချုပ်ပြီး နေအိမ်များကို ရှင်းလင်းကာ IS တိုက်ခိုက်ရေးသမားများကို ဖော်ထုတ်ဖမ်းဆီးရန် စီစဉ်ထားသည်။ လျှို့ဝှက်ဥမင်များ၊ နေအိမ်များကြား ချိတ်ဆက်ထားသော မြောက်အောက်လမ်းများ ရှိနေသည်ဟု သိရသလို မိုဆူးလ်မြို့ပြင်တွင်လည်း ကိုယ်ရောင်ဖျောက်ထားသည့် IS တပ်သားများ ကျန်နေနိုင်သည်ဟု ခန့်မှန်းထားသည်။ အီရတ်အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့မှ တပ်မှူးများကမူ IS ခေါင်းဆောင်အချို့မှာ အစောပိုင်း ကတည်းက မိုဆူးလ်မြို့မှ ဆုတ်ခွာသွားပြီ ဖြစ်သည်ဟု ယူဆနေသည်။ သို့သော်လည်း ဆုတ်ခွာရန် မဖြစ်နိုင်တော့သည့် IS တိုက်ခိုက်ရေးသမားများမှာမူ အသေခံ ကာကွယ်သွားဖွယ် ရှိသည်ဟု ခန့်မှန်းထားကြသည်။
Source : https://goo.gl/qnQ6TW
via IFTTT
No comments:
Post a Comment