Wednesday, November 16, 2016

Eleven Media Group

ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေးစျေးသည် စျေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ယင်းလမ်းမကြီးများတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ဆို ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၁၁ လမ်းကို လမ်းဘေးစျေးသည် စျေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ယင်းလမ်းမကြီးများတွင် ရောင်းချပါက ရန်ကုန်မြို့တော် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဌာမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။ ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များ အတွင်းရှိ လမ်းမကြီးများပေါ်တွင် ရောင်းချသည့် လမ်းဘေးစျေးသည် ၆၀၀၀ ကျော်အနက် အစားအသောက်နှင့် သစ်သီးရောင်းချသူ ၁၆၀၀ ကို ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညစျေးတန်းသို့ ပြောင်းရွှေ့စေမည်ဖြစ်ပြီး ကျန်ရှိသည့်စျေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းရှိ နံပါတ်တပ်လမ်းများ အတွင်းသို့ ထည့်သွင်းမည် ဖြစ်သောကြောင့် လမ်းမကြီး ၁၁ လမ်းအား လမ်းဘေးစျေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းများမှာ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်း စသည့်လမ်းမကြီးများဖြစ်ကြောင်း သိရသည်။ “လမ်းဘေးစျေးသည် မရောင်းရနယ်မြေအဖြစ် လမ်း ၁၁ လမ်း သတ်မှတ်လိုက်တယ်။ အဲဒီမှာ ရောင်းရင် အရေးယူမှာပေါ့။ ကမ်းနားလမ်းမှာက စျေးသည် ၁၆၀၀ လောက်ကိုပဲ ထည့်မှာ။ ကျန်တဲ့ စျေးသည်တွေကတော့ အတွင်းလမ်းတွေထဲမှာ ရောင်းရမှာ။ ခုနက ၁၁ လမ်းကိုတော့ စျေးရောင်းချခွင့် မပေးတော့ဘူး။ အဲဒီလမ်းတွေက အဓိက ပိတ်နေတဲ့ လမ်းတွေ ဖြစ်နေတယ်။ အဲဒီ လမ်းမကြီး ၁၁ လမ်းမှာ စျေးရောင်းရင် စည်ပင်ဥပဒေပုဒ်မ ၆၈၊ ၇၀ စတာတွေနဲ့ အရေးယူမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ သို့ဖြစ်ရာ ကမ်းနားလမ်းရှိ ညစျေးတန်းကိုလည်း ယခုလ ရက် ၂၀ ကျော်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေရာတွင် ရေ၊ လျှပ်စစ်မီး ရရှိရန်လည်း စီစဉ်ပေးထားပြီး နေ့စဉ် မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုကြောင်း၊ စျေးသည် ၁၆၀၀ ကိုသာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ကမ်းနားလမ်းရှိ ညစျေးတန်းတွင် ရောင်းချမည့် စျေးသည်များကို ကတ်ပြားကြေး တစ်နှစ်လျှင် ကျပ် ၅၀၀၊ နေ့စဉ်ကြေး အနေဖြင့် ရေ၊ သန့်ရှင်းရေးခများ သတ်မှတ်ထားပြီး လျှပ်စစ်မီး သုံးစွဲခကိုမူ တစ်လတစ်ကြိမ် ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ ထိုသို့ ကမ်းနားလမ်း ညစျေးတန်းတွင် ရောင်းချခွင့် မရရှိသည့် ကျန်ရှိစျေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းရှိ နံပါတ်တပ်လမ်းများအတွင်း စျေးရောင်းချခွင့်ပြုသည့် ကိစ္စအား အဆိုပါ လမ်းများတွင် နေထိုင်သူများက လက်မခံကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။ “အစ်မတို့မြို့ထဲမှာ အခုတောင် ကားပါကင် ကျပ်တယ်။ အဲဒါကို နံပါတ်တပ်လမ်းထဲမှာ မြေညီထပ်က အိမ်ရှင်က လက်ခံလိုက်တယ် ဆိုရင်တောင် ကားပိတ်တာ၊ ကားပါကင် ထိုးမရရင် အားလုံး မကျေမနပ် ဖြစ်မှာလေ။ တစ်တိုက်လုံးက မကျေမနပ် ဖြစ်မှာ။ အဲဒါလေးကတော့ လတ်တလောမှာ ပြဿနာဖြစ်နေတာပေါ့” ဟု ၎င်းက ပြောကြားသည်။ ယခင်က ရန်ကုန်မြို့တော် ခန်းမရှေ့၌ ညစျေးတန်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယခုပြုလုပ်မည့် ညစျေးတန်းသည်လည်း ဘဏ္ဍာငွေ များစွာ ကုန်ထားသဖြင့် အောင်မြင်ရန် အရေးကြီးကြောင်း ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။ Writer: ကျော်ထင်
Source : http://ift.tt/2eEwpwn
via IFTTT

No comments:

Post a Comment