ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ထုတ်ရောင်း ပေးနေသော်လည်း ဘဏ်များက ပြန်မရောင်းပေး၍ မထိရောက်ဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၁ဝ စျေးကွက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ နေ့စဉ် အမေရိကန် ဒေါ်လာ ရောင်းချပေးနေသော်လည်း ဘဏ်များက စျေးကွက် အတွင်းသို့ ပြန်လည် ရောင်းချပေးခြင်း မရှိသည့်အတွက် စျေးကွက်ကို ထိရောက်မှု မရှိကြောင်း နိုင်ငံခြားငွေ ဝယ်ရောင်းများက ဝေဖန်ပြောဆိုသည်။ ထိုသို့ ထုတ်မရောင်းပေးခြင်းကြောင့် စျေးကွက်အတွင်း ဒေါ်လာ ရှားပါးခြင်းများ ဆက်လက် ဖြစ်ပေါ်၍ ဒေါ်လာ စျေးနှုန်းမှာလည်း အမြင့်စျေးတွင်သာ ဆက်ရှိနေစေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဗဟိုဘဏ်က ဘဏ်တွေကို စျေးကွက်မျှအောင် ဆိုပြီး ဒေါ်လာ ရောင်းပေးပေမယ့် သူတို့တွေက ထုတ်မရောင်းတော့ ဘာမှ မထူးဘူးလေ”ဟု ဒေါ်လာ ဝယ်ရောင်း တစ်ဦးက ပြောဆိုသည်။ ပုဂ္ဂလိက ဘဏ်များကို တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ ၅ဝဝဝ နှင့် ရက် သတ္တ တစ်ပတ်လျှင် ဒေါ်လာ ၁ဝ,ဝဝဝ ထုတ် ရောင်းပေးသကဲ့သို့ ဗဟိုဘဏ်အနေနှင့် ငွေလဲ ကောင်တာများကိုလည်း ထိုသို့ ရောင်းချပေးမည်ဆိုပါက စျေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် အတွင်းရှိ ငွေလဲ ကောင်တာများက ဆိုသည်။ “ကျွန်တော်တို့က သတ်မှတ် ဘောင် ရှိတယ်လေ။ အဲ့ဒီဘောင် ကျော်ပြီး ရောင်းခွင့် မရှိဘူး။ အဲ့လိုဆိုတော့ ပြင်ပစျေးက ကျွန်တော်တို့ထက် မြင့်နေတဲ့ အချိန်မှာဆို ကျွန်တော်တို့ အရောင်းပိတ် လိုက်ရတာမျိုးတွေ ရှိပါတယ်။ နောက်မို့ဆို အပြင်က လူတွေက သိမ်းကျုံးပြီး လာဝယ်ကုန်မှာပေါ့”ဟု မြန်မာ အရှေ့တိုင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ ပြောဆိုသည်။ Money Changer များအနေနှင့် နေ့စဉ် ဗဟိုဘဏ် သတ်မှတ်စျေးထက် စျေးနှုန်း အတက်၊ အကျကို ဝ ဒသမ ၈ ရာခိုင်နှုန်းသာ ပြုလုပ်ခွင့် ရှိပြီး ယင်းသတ်မှတ်ချက်ကို ဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer များကသာ လိုက်နာလေ့ရှိကာ ပြင်ပ Money Changer များက ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေကြောင်း ၎င်းက ပြောဆိုသည်။ ယခင်က ဗဟိုဘဏ်သည် Money Changer များမှ ဒေါ်လာ လိုအပ်လျှင် အချိန်မရွေး ထုတ်ယူခွင့်နှင့် ပိုပါက ပြန်လည် အပ်နှံခွင့် ပေးခဲ့သော်လည်း ယခု နောက်ပိုင်းတွင် ယင်းအခွင့်အရေးကို ရုပ်သိမ်းလိုက်ခြင်းကြောင့် ယင်းပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်အချို့မှ တာဝန်ရှိသူများက ဆိုသည်။ လတ်တလော အမေရိကန် ဒေါ်လာစျေးသည် အမြင့်စျေးတွင်သာ ဆက်လက် ရပ်တည်နေပြီး ပြင်ပ ဒေါ်လာစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၂၉ဝ ကျပ်နှင့် ဗဟိုဘဏ်၏ သတ်မှတ်စျေးမှာလည်း တစ်ဒေါ်လာလျှင် ၁၂၈၅ ကျပ်တွင်သာ ဆက်လက် သတ်မှတ်ထားကြောင်း ငွေကြေးစျေးကွက် အတွင်းမှ သိရသည်။
Source : https://goo.gl/jXWewL
via IFTTT
No comments:
Post a Comment